ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား ဖေဖော်ဝါရီလ ၇ ရက်တွင် KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ရယူကာ အောင်မြင်စွာဖြင့် ရွပ်ရွပ်ချွံချွံ ပြန်လည် တွန်းလှန် တိုက်ထုတ်ခဲ့ကြောင်း နစကထုတ်ပြန်သော သတင်းအရ သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယနေ့နံနက် ၆ နာရီခန့်တွင် ဇရပ်ကြီးမြို့အတွင်း အသေးစိတ်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ဇရပ်ကြီးဒေသဖွံ့ဖြိုးရေးအတွက် အထူးအရေးပါသည့် ကျွဲပွဲ – ဇရပ်ကြီးသွား ကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား ( အရှည် ၁၂၀၀ ပေ ) သံကူကွန်ကရစ် အမျိုးအစား အများပြည်သူသွားလာ အသုံးပြုလျက်ရှိသော မြို့ဆိုးတံတားအား ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် တပ်မတော်စစ်ကူစစ်ကြောင်းများ ဇရပ်ကြီးမြို့သို့ အချိန်မီ မရောက်ရှိစေရေးအတွက် တံတားလုံခြုံရေးတပ်ဖွဲ့ဝင် များအား အင်အားသုံးပစ်ခတ်တိုက်ခိုက်၍ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီးမှ ဇရပ်ကြီးမြို့အတွင်းရှိ နယ်မြေခံတပ်ရင်းအား အာရုဏ်ဦးဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်း ဇရပ်ကြီးမြို့ အရှေ့ဘက် အခြမ်းတွင် ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ ဇရပ်ကြီးမြို့အတွင်းနှင့် တပ်ရင်းဌာန ချုပ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်များအတွင်း ကားလမ်းဘေးနေရာ တစ်ခု၌ လမ်းဘေး ထိုးကျ ပျက်စီးနေသည့် အလင်းစေတမန် ပရဟိတ အသင်းလူနာသယ် ယာဉ်တစ်စီးအား တွေ့ရှိခဲ့ပြီး ယာဉ်အားရှင်းလင်းခဲ့ရာ ယာဉ်ပေါ် တွင် သောင်းကျန်းသူ အလောင်းအချို့နှင့် အသင့်ထုပ်ပိုးထားသည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း အချို့တို့ကို သိမ်းဆည်း ရရှိခဲ့သည်ဟုဆိုသည်။

 

အဆိုပါ KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့် ပရဟိတလုပ်ငန်းခေါင်းစဉ် အကြောင်းပြ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများ သယ်ဆောင်ခြင်း၊ အကြမ်းဖက်လုပ်ငန်းတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို သယ်ယူပို့ဆောင်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်တွေ့ရှိရသည်ဟုလည်း ဖော်ပြထားသည်။

 

တစ်ချိန်တည်းတွင် ဇရပ်ကြီးမြို့အနောက်ဘက် ကျေးရွာများအတွင်း လုံခြုံရေး လုပ်ငန်းများ အသေးစိတ်ဆောင်ရွက်ခဲ့ရာ သောင်းကျန်းသူများ ခိုအောင်းခဲ့ပြီး တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဖရိုဖရဲဖြင့် ဆုတ်ခွာ ထွက်ပြေးရာတွင် ကျန်ရှိခဲ့သည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား ကားလမ်းဘေးအဆောက်အဦအတွင်း သောင်းကျန်းသူအလောင်းအချို့နှင့်အတူ ထပ်မံ သိမ်းဆည်းရရှိခဲ့သော်လည်း သောင်းကျန်းသူအလောင်းများမှာ ပုံဖြင့်ဖော်ပြရန်မသင့် သဖြင့် ချန်လှပ်ထားခဲ့သည်ဟုလည်း ဆိုထားသည်။

 

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်စစ်ကြောင်းများ၏ တိုက်ခိုက်မှု၊ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူပေးမှုတို့ကြောင့် အထိနာစွာ ဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် မြို့တွင်းရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျေနပ်မှုမရှိသည့် ဒေသခံပြည်သူအချို့၏ ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံများကို နာကြည်းမှုဖြင့် ပေးပို့လာကြောင်း တွေ့ရှိရသည်ဟုလည်း ဖော်ပြပါရှိသည်။

 

KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အကြမ်းဖက်လုပ်ငန်း များ လုပ်ဆောင်ရာတွင် ပရဟိတလုပ်ငန်းများကို အကြောင်းပြ၍ ဟန်ပြ လူနာတင် ယာဉ်များဖြင့် လူနှင့်လက်နက်/ခဲယမ်း သယ်ဆောင်ခြင်းများကို လုပ်ဆောင်နေကြောင်း သိရှိရသဖြင့် မိဘပြည်သူများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် မိမိတို့နေထိုင်သော မြို့/ရွာများအတွင်း အကြမ်းဖက် သမား များ၏ အဖျက်လုပ်ရပ်များဆောင်ရွက်မှုနှင့်ပတ်သက်၍ သိရှိရပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဇရပ်ကြီးမြို့အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သော လုံခြုံရေးလုပ်ငန်း များကို အသေးစိတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။