မိမိတို့နိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေရေး အရင်းအနှီးငွေကြေး စိုက်ထုတ်နိုင်သူများအနေဖြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံသင့်သည်ဟု မြင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 

ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၃) သို့ တက်ရောက်အမှာစကား ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍လည်း နစက ဥက္ကဋ္ဌ က ကော်ဖီစိုက်ပျိုးမှုများကို သတ်မှတ်ထားသည့်အတိုင်း တိုးချဲ့စိုက်ပျိုးသွားမည်ဆိုပါက လာမည့် ၅ နှစ်တာကာလအတွင်း ကော်ဖီထုတ်လုပ်မှုများကို တိုးတက်အောင် ဆေင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၄ ခုနှစ်တွင် ကော်ဖီစိုက်ပျိုးဧက ၂၇၉၀၀ ထပ်မံတိုးချဲ့ စိုက်ပျိုးရန် လျာထားဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ကော်ဖီပျိုးပင်များကိုလည်း ကြိုတင်စိုက်ပျိုးထားမည်ဆိုပါက များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထိုသို့ တိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက စုစုပေါင်း စိုက်ဧက ၃ သိန်းရှိမည်ဖြစ်သဖြင့် နောင် ၅ နှစ်မှ ၇ နှစ်အတွင်း အဆိုပါအသီးအပွင့်များ ကို ခံစားနိုင်မည်ဖြစ်ကြောင်း၊ မျိုးကောင်းသည့် ကော်ဖီများ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင်လည်း ရိုဘက်စတာကော်ဖီမျိုးများကို စိုက်ပျိုးနိုင်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နောင်ကာလများတွင် ဒေသအလိုက် ကော်ဖီများ စိုက်ပျိုးနိုင်ရေး ရေရှည်အတွက် စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်းဖြင့်လည်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨