ရှမ်းပြည်နယ်၏ အထင်ကရတန်ဆောင်တိုင်ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပပေးခြင်းသည် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာပွဲတော်ကို ဖော်ထုတ်မြှင့်တင်အားပေးခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပြောကြားသည်။

 

ယမန်နေ့ (နိုဝင်ဘာ ၂၁ ရက်) ညနေ (၄) နာရီခွဲက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသည့် ၂၀၂၃ခုနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍လည်း ပြည်နယ်ဝန်ကြီးချုပ်က တန်ဆောင်တိုင်ပွဲတော်သည် မြန်မာတို့၏ (၁၂) လ ရာသီပွဲတော်များအနက် (၈)လမြောက်ဖြစ်သည့် တန်ဆောင်မုန်းလမှာ “ တန်ဆောင်မုန်းလ တန်ဆောင်တိုင်ပွဲ” ဆိုသည့် စာဆိုနှင့်အညီ နှစ်စဉ် အစဉ်အလာမပျက် ကျင်းပသော ပွဲတော်ကြီး တစ်ခုဖြစ်ကြောင်း ၊ တန်ဆောင်မုန်းလ၏ အနှစ်သာရမှာ ကထိန်သင်္ကန်း ကပ်လှူပွဲ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ ဆေးပေါင်းခသည့် မဲဇလီဖူးသုပ်ပွဲ ၊ ကျီးမနိုးပွဲ ၊ တောင်ထိပ်သဘင်ပွဲနှင့် မီးပုံးပျံပွဲစသည့် ရိုးရာဓလေ့ပွဲတော်များ ကျင်းပခွင့်ရရှိကြခြင်းဖြစ်ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။

 

အဆိုပါ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်အပါ (၇၁) ကြိမ်မြောက်ရှိပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ တို့တွင့် ကိုဗစ်-၁၉ ရောဂါကြောင့် မီးပုံးပျံပွဲ မကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကို ၁၃၈၅ခု တန်ဆောင်မုန်းလဆန်း (၉)ရက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့မှ (၂၇) ရက် အထိ (၇) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းပွဲတော်ကာလအတွင်း၌ မြို့လုံးကျွတ် ဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲ ၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ ၊ နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ (တစ်ကောင်ချင်း / အုပ်စုအရုပ် ) ၊ ယမ်းမီးကြီးညလွှတ် မီးပုံးပျံပြိုင်ပွဲနှင့် စိန်နားပန် မီးပုံးပျံပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨