ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သောကြောင့် ယနေ့ခေတ်တွင် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍရပ်များအား အလေးထား ဂရုစိုက်ခြင်းဖြင့် ကလေးများအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသော အနာဂတ်တစ်ခု ဖန်တီးပေးနိုင်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားသည်။

 

 

 

ယနေ့ နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် (၃၄) နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့၊ အခမ်းအနားကိုအတွင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

 

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်မှာ ပါရှိသည့် ကလေးသူငယ်အခွင့်အရေး (၄) ရပ်ဖြစ်သော ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကလေးသူငယ်များကို အကြမ်းဖက်မှု၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်မှု အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ကလေးသူငယ်များ၏ အရေးကိစ္စရပ်များတွင် ကလေးသူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်တို့ကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကလေးသူငယ်တိုင်း ရရှိစေရန် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီကိုလည်းကောင်း၊ ခရိုင်/မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများကိုလည်းကောင်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

 

 

 

ထို့ပြင် ကလေးသူငယ်များ၏ အခွင့်အရေးများကို ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ ဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ ကလေးသူငယ်အရေးကိစ္စဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက (၂၇.၈.၂၀၂၁) ရက်နေ့တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

 

 

 

ဆက်လက်၍လည်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ကလေး သူငယ်များ၏ မွေးရာပါ အခွင့်အရေး မဆုံးရှုံးစေရန်၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံးသိရှိရန်နှင့် ကလေးတိုင်း လက်လှမ်းမီ တန်းတူညီတူ ရရှိနိုင်ရန်အတွက် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။