စစ်ကိုင်းမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၈ ရက်က မွန်းလွဲ ၂ နာရီနောက်ပိုင်း မထွက်ရဆိုတဲ့ ကောလာဟလတစ်ခု ထွက်ပေါ်လာခဲ့ပြီး စျေးဆိုင်ပိတ်သိမ်းတာတွေနဲ့အတူ စာသင်ကျောင်းတွေမှာရှိတဲ့ ကလေးငယ်တွေကို မိဘတွေက ပြန်လည်ခေါ်ဆောင်မှုတွေဖြစ်ပေါ်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုမှုတွေကိုအခြေခံကာ သတင်းတွေက ဖော်ပြလာတာတွေ့ရပါတယ်။

အချို့သတင်းတွေကဆိုရင် စစ်ကိုင်းတစ်မြို့လုံး အပြင်ထွက်သူတောင်မရှိတော့ဘဲ ခြောက်ကပ်သွားတယ်လို့တောင် ဖော်ပြထားကြပေမယ့် အဲဒီ ကောလာဟလ ဘယ်လိုစဖြစ်လာတယ်ဆိုတာကိုတော့ ရေရေရာရာ ဖော်ပြထားတာမရှိပါဘူး။

ဒါနဲ့ပတ်သက်လို့ 𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙃𝙖𝙧𝙙 𝙏𝙖𝙡𝙠 သတင်းဌာနအနေနဲ့ စစ်ကိုင်းအာဏာပိုင်အဖွဲ့အစည်းတွေနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ သူက ဖြစ်စဥ်အစအဆုံးကို ယခုလိုပြောပြခဲ့ပါတယ်။

“ဒီလိုဗျ။ ဟိုတစ်နေ့က လေကြောင်းရဲအသတ်ခံရတဲ့ သလွန်ဖြူရွာအနီးပတ်ဝန်းကျင်မှာ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေလုပ်နေတာရှိတယ်။ အဲဒီရွာအပါအဝင်ပေါ့လေ အနီးဝန်းကျင်ကနေ စစ်ကိုင်းမြို့ပေါ်ကိုလာပြီး ကျောင်းတက်ကြတဲ့ကလေးတွေလည်း တော်တော်များများရှိတယ်ဗျ။ အဲဒီမှာ ရွာကကျောင်းသားမိဘတွေက စစ်ကိုင်း အထက (၁) နဲ့ အထက (၂) မှာရှိတဲ့ ဆရာ၊ ဆရာမတွေကိုဖုန်းဆက်ပြီး သူတို့ကလေးတွေကို ကျောင်းစောစောဆင်းပေးဖို့ လှမ်းပြောတာ။ အဲဒါကို ဆရာ၊ ဆရာမတွေက ဘယ်လိုပြောလိုက်တယ်မသိဘူး ကျန်တဲ့ကျောင်းသားတွေကပါ ကြောက်လန့်ပြီး လာခေါ်ခိုင်းတာတွေ ဘာတွေလုပ်တော့ ဆရာ၊ဆရာမတွေလည်းထိန်းမရတော့မှာအတူတူ ကျောင်းဆင်းပေးလိုက်တာကနေ အပြင်မှာရှိတဲ့သူတွေကပါ ဘူမသိကိုးမသိ ကြောက်လန့်ပြီး ဆိုင်တွေပိတ် ဘာတွေပိတ် လုပ်ကြတာပါဗျာ။” လို့ ဆိုပါတယ်။

တကယ်တော့ နေ့မထွက်ရအမိန့်ဆိုတာကိုလည်း ဘယ်အဖွဲ့အစည်းကမှမထုတ်ပြန်သလို ထူးခြားဖြစ်စဥ်လည်း ဘာတစ်ခုမှ မရှိခဲ့ဘဲ ထန်းရွက်ခြောက်ပေါ် ဥသျှစ်သီးကြွေကျတာကို မြေပြိုတယ်ထင်ပြီး ပြေးတဲ့ယုန်နောက် အကုန်လိုက်ပြေးသလို ဖြစ်ခဲ့တာပါလို့လည်း အဲဒီဒေသခံက ပြောပြခဲ့ပါသေးတယ်။

လက်ရှိမှာတော့ စစ်ကိုင်းမြို့ပေါ်က အခြေအနေဟာ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုအတွင်းမှာလည်း PDF အလောင်းတွေနဲ့ လက်နက်တွေ ရရှိထားတာရှိတယ်လို့လည်း ၎င်းဒေသခံရဲ့ ပြောပြမှုအရ သိရပါတယ်။

#𝙢𝙝𝙩𝙣𝙚𝙬𝙨