တရုတ်နိုင်ငံနဲ့ အာဆီယံ စီးပွားရေးခေါင်းဆောင်တွေ တွေ့ဆုံမှုဟာ စီးပွားရေးဆက်ဆံမှုတွေ ခိုင်မြဲမှုနဲ့ တရုတ်နဲ့အာဆီယံနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့အတွက် ထူးခြားသည့်အခွင့်အလမ်းဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောပါတယ်။
စက်တင်ဘာ (၁၇)ရက်နေ့က နန်နင်းမြို့၊ Grand Metropark Hotel မှာကျင်းပတဲ့ တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ်နဲ့ ကွန်ဖရင့်မှာ ထည့်သွင်းပြောကြားခဲ့တာပါ။
အမြဲပြောင်းလဲနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းမှာ မိမိတို့အနေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး အလားအလာတွေကို သော့ဖွင့်ခြင်းဖြင့် အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်ဖို့အတွက် အတူတကွလုပ်ဆောင်ဖို့ အရေးကြီးတယ်လို့လည်း ၎င်းကဆက်လက်ကြောကြားခဲ့ပါသေးတယ်။
ဒါ့အပြင် တရုတ်-မြန်မာ အကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အဆင်ပြေချောမွေ့စေဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး RCEP ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်း၊ စည်းမျဉ်း စည်းကမ်းများကို ရိုးရှင်းစေခြင်းနဲ့ စံချိန်စံညွှန်းများညီညွတ်စေခြင်းတို့ အပါအဝင် အတားအဆီးတွေကို လျှော့ချခြင်းဖြင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ပိုမိုလွယ်ကူစေဖို့အတွက် ဆောင်ရွက်သွားကြမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဒါမှသာ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးရုံသာမကဘဲ အလုပ်အကိုင်များ ဖန်တီးပေးပြီး နိုင်ငံသားတွေရဲ့ လူနေမှုဘဝ မြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်း၊ စွန့်ဦးတီထွင်သူတွေနဲ့ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းတွေကို အားကောင်းစေတဲ့ ဒီဂျစ်တယ်ဂေဟစနစ်တစ်ခု ဖန်တီးဖို့လည်း အတူတကွ ပူးပေါင်းလုပ်ဆောင် လိုကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
#𝙢𝙝𝙩𝙣𝙚𝙬𝙨
Recent Comments