ဒေသတွင်းနိုင်ငံများအနေဖြင့် အတူတကွ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖေးမကူညီခြင်းကသာလျှင် ဒေသတွင်းနိုင်ငံများ အနေဖြင့် အတူတကွတိုးတက်မှုရရှိကာ ပြည်သူများအကြား ပိုမိုနီးကပ်လာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ စက်တင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပသည့် အကြိမ် (၂၀) မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲကာလအတွင်း၊ စက်တင်ဘာ ၁၇ ရက်တွင် နန်နင်းမြို့၊ တရုတ်-အာဆီယံကုန်စည်ပြပွဲ Plaza ၌ ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ်၊ အာဆီယံ-တရုတ် ထုတ်လုပ်မှု မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တို့၌ အဖွင့်မိန့်ခွန်း ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အလားတူ မြန်မာသံအမတ်ကြီးက ကိုဗစ်-၁၉ အလွန်ကာလတွင် အာဆီယံ-တရုတ်နီးကပ်စွာပူးပေါင်းဆောင်ရွက်ပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် ဆောင်ရွက်ခြင်းဖြင့် အာဆီယံနှင့် တရုတ်တို့အတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် ရလဒ်များ ရရှိကာ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးပြန်လည်နာလန်ထူရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အဆင်သင့်ရှိနေပါကြောင်းဖြင့်လည်း ပြောကြားခဲ့သည်ဟု သိရသည်။