၂၀၂၃ ခုနှစ် ဇွန်လ မှတ်တမ်းများအရ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတက္ကသိုလ်များအကြား နားလည်မှု စာချွန်လွှာပေါင်း ၂၅ စောင် လက်မှတ်ရေးထိုးထားပြီး ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မြန်မာတက္ကသိုလ် ကျောင်းသားနှင့် ဆရာ စုစုပေါင်း ၅၇၀၃ ဦး တရုတ်နိုင်ငံတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူခွင့်ရရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၏ ပြောကြားမှုအရ သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် H.E. Mr. SHI Zhongjun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့ (ဇူလိုင် ၂၀ ရက်) နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ရုံးအမှတ် ၁၃ အစည်းအဝေးခန်းတွင် လက်ခံတွေ့ဆုံစဥ် ယခုအကြောင်းအရာများကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အလားတူ ၂၀၁၃ ခုနှစ်မှစတင်ပြီး ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် တရုတ်ကျောင်းသား ၈၀၂ ဦးနှင့် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ၅၈၉ ဦး၊ တက္ကသိုလ်နှစ်ခုပေါင်း တရုတ်ကျောင်းသား ၁၃၉၁ ဦး မြန်မာဘာသာစကားကို လာရောက်သင်ယူခဲ့သည်ဟုလည်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာစာ ဧည့်ပါမောက္ခများကို တရုတ်နိုင်ငံ တက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်ပေးလျက်ရှိကြောင်း၊ ကျောင်းသားဖလှယ်ရေး၊ ဆရာဖလှယ်ရေး၊ သုတေသနပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်လိုကြောင်းဖြင့်လည်း ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားသည်။
ယင်းနောက် အာဆီယံ-တရုတ်စင်တာညွှန်ကြားရေးမှူးချုပ် H.E. Mr. SHI Zhongjun က အာဆီယံ-တရုတ်စင်တာသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် မီဒီယာကဏ္ဍတို့တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိပါကြောင်း၊ တရုတ်-အာဆီယံ ချစ်ကြည်ရင်းနှီးမှုသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင်အားပင် ဖြစ်ပါကြောင်း၊ မျက်မှောက်ခေတ် ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများကို အတူတကွ လက်တွဲကျော်ဖြတ်သွားကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံတက္ကသိုလ်များက ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
Recent Comments