စက်မှုဇုန်တွေနဲ့ ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေကနေ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေကို ကုန်သွယ်ခွန်လျှော့ချကောက်ခံပေးဖို့ ညှိနှိုင်းနေတယ်လို့ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောဆိုကြောင်း BETV Business သတင်းက ဖော်ပြပါတယ်။

 

ကုန်ထုတ်လုပ်မှုကဏ္ဍကို အားကောင်းစွာ ကိုယ်စားပြုတဲ့ အသင်းများထွက်ပေါ်စေလိုပြီး လုပ်ငန်းကော်မတီတွေအားလုံးကလည်း သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝနဲ့ တာဝန်ခွဲဝေဆောင်ရွက်ကြဖို့ကိုလည်း UMFCCI ဥက္ကဋ္ဌက တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

 

ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ (၂၀၂၃) အတွင်း ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချခြင်းဖြစ်မယ်ဆိုရင် ရောင်းရငွေအပေါ်၊ ပြည်ပကနေ တင်သွင်းခြင်းဖြစ်မယ်ဆိုရင် ကုန်းပေါ်ရောက်တန်ဖိုးပေါ်မှာလည်းကောင်း ၅ ရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမယ်လို့ ပြဌာန်းထားပါတယ်။

 

ဒါ့အပြင် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်တဲ့ ကုန်စည်တစ်မျိုးမျိုးကို ထုတ်လုပ်ရောင်းချခြင်း၊ ကုန်သွယ်လုပ်ငန်းခွင့်ကျသင့်တဲ့ ဝန်ဆောင်မှုတစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်းနဲ့ ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်ခြင်းတို့ကနေ နိုင်ငံခြားငွေရရှိပါက ကုန်သွယ်လုပ်ငန်းခွန်ကို ကျပ်ငွေနဲ့ပဲ ပေးဆောင်ရမယ်လို့လည်း ဖော်ပြထားတယ်လို့ သိရပါတယ်။

#mhtnews