(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင်စံပြကျေးရွာ စနစ်ကျ လယ်ယာမြေ (၇၉ ဒသမ ၈၈) ဧက ဖော်ထုတ်ခြင်းလုပ်ငန်း အောင်မြင်စွာပြီးစီးသွားပြီဖြစ်သဖြင့် တောင်သူများထံ ပြန်လည်ပေးအပ်ခြင်းအခမ်းအနားအပါအဝင် ပေါက်ပင်သာ-ဂွေးပင် ရွာအဝင်လမ်းနှင့် ရွာတွင်းလမ်း ဖွင့်လှစ်ခြင်း၊ ရှားတော ယာယီရေထိန်းဆည်မှ ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေခြင်း စသည့်အခမ်းအနားများကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ သတ်မှတ်နေရာများတွင် ကျင်းပခဲ့သည်ဟု သိရသည်။

အခမ်းအနားများသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေအသုံးချသူများအဖွဲ့(WUG)ဝင် တောင်သူများနှင့် ဒေသနေပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဂွေးပင် စံပြကျေးရွာ၌ ကျင်းပသည့် စနစ်ကျလယ်ယာမြေ (၇၉ ဒသမ ၈၈) ဧက ဖော်ထုတ်ခြင်းလုပ်ငန်း အောင်မြင်စွာပြီးစီး၍ တောင်သူများထံ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ဒေသနေပြည်သူများ ဝင်ငွေတိုးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး ကြိုးပမ်းသွားကြရန်လို အပ်ချက်များကို ဆွေးနွေးပြောကြားကြသည်။

ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဖော်ထုတ်ပြီး စနစ်ကျလယ်ယာမြေများကို တောင်သူများထံ ပြန်လည်ပေးအပ်ရာ သက်ဆိုင်ရာ တောင်သူကိုယ်စားလှယ်များက လက်ခံရယူကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် အခမ်းအနား တက်ရောက်လာကြသူများက တောင်သူများထံ အပ်နှံပြီးဖြစ်သည့် စနစ်ကျလယ်ယာမြေ နှင့် GW-11 နွေစပါး စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။

တောင်သူများ၏ တင်ပြတောင်းဆိုမှုအရ စနစ်ကျ လယ်ယာမြေများ ဖော်ထုတ်အသုံးပြုနိုင်ရေးကို ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ နေပြည်တော်ကောင်စီ နယ်မြေအတွင်း စနစ်ကျ လယ်ယာမြေ ဧက (၁၃၂၀၀)ကျော် ဖော်ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

ယင်းနောက် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု ပေါက်ပင်သာ-ဂွေးပင်ရွာအဝင် ကွန်ကရစ်လမ်းနှင့် ရွာတွင်းလမ်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ပေါက်ပင်သာ-ဂွေးပင်ရွာအဝင် ကွန်ကရစ်လမ်းထိပ် သတ်မှတ်နေရာတွင် ကျင်းပရာ အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ကျေးရွာနေပြည်သူများနှင့် ရင်းနှီးခင်မင်စွာတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွားတိုးတက်ရေးဆိုင်ရာများ အားပေးပြောကြားခဲ့ကြသည်။

ဆက်လက်၍ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ရှားတောယာယီရေထိန်းဆည်မှ ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေခြင်း အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးနှင့် တောင်သူကိုယ်စားလှယ်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် တို့က ရေတင်စက်ခလုတ်နှင့် ရေဖြန်းစက်ခလုတ်တို့ကိုနှိပ်၍ ရေစတင်ပေးဝေခဲ့ကြသည်။

ယခုဖွင့်လှစ်သည့် ရှားတောယာယီရေထိန်းဆည်သည် ဆင်သေချောင်းပေါ်တွင် ယာယီရေထိန်းဆည် တည်ဆောက်ကာ ကုန်းမြင့်ပိုင်း၌ တစ်နှစ် တစ်သီးသာ စိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများအား နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့်ရေတင်၍ နွေသီးနှံ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အဆိုပါရေတင်စနစ်တွင် ပါဝင်သည့် စိုက်ပျိုးမြေ (၁၁၇ ဒသမ ၉၁)ဧကတွင် တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ ဝင်ငွေသုံးဆ ရရှိခံစားနိုင်ရေး မျှော်မှန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။