ဒီမိုကရေစီစနစ်မှာ လက်နက်ကိုင်အကြမ်းဖက်ခြင်းကို ဘယ်နိုင်ငံ၊ ဘယ်အစိုးရကမှ ခွင့်ပြုထားတာမရှိလို့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေသူတွေအနေနဲ့ ဒီမိုကရေစီကို နားလည်သဘောပေါက်ဖို့လိုတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည့် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍လည်း နိုင်ငံတော်ဝန်ကြီးချုပ်က အကြမ်းဖက်မှုများကို ဒုတိယအကြိမ် အရေးပေါ်သက်တမ်းကာလတွင် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့်မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ခဲ့ရပြီး အကြမ်းဖက်မှုများလျော့ပါးအောင် ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အတူ စစ်အုပ်ချုပ်ရေးသတ်မှတ်ခြင်းသည် ပြစ်မှု ကျူးလွန်သူများအတွက်သာဖြစ်ပြီး ပြည်သူများကိုကြေညာခြင်းမဟုတ်ကြောင်း၊ ပြည်သူများအနေဖြင့် စည်းကမ်းနှင့်အညီ လွတ်လပ်စွာနေထိုင်သွားလာလှုပ်ရှားနိုင်ကြောင်း၊ လာမည့် ၆ လတာကာလအတွင်း အဆိုပါဒေသများ၏ တည်ငြိမ်အေးချမ်းမှုသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာမည်ဟု ယူဆကြောင်းကိုလည်း ထည့်သွင်းပြောကြားသည်။
ထို့နောက် ဆက်လက်ပြောကြားသည်မှာ ဒုတိယအကြိမ်အစိုးရသက်တမ်းတွင် ဥပဒေကို လိုရာဆွဲ၍လုပ်ဆောင်သွားခြင်းများရှိပြီး နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသည့် လုပ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ကြားဝင်ထိန်းသိမ်းပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း မှန်မှန်ကန်ကန်နှင့် မျှမျတတရှိစေရန်လိုအပ်သည့်အတွက် မိမိတို့တာဝန် ယူချိန်မှစ၍ နိုင်ငံတော်အတွက် တာဝန်များပေးအပ်ရာတွင် တပ်မတော်နှင့် အရပ်ဘက်မှ သင့်တော်သူများကို မျှမျှတတဖြင့် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပြီး ဥပဒေသတ်မှတ် ချက်များနှင့်အညီသာ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းရပ်များကို အကောင်အထည်ဖော်ရာတွင် ဒီမိုကရေစီနည်းအရ အရပ်ဘက်အဖွဲ့အစည်းများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။
Recent Comments