ရပ်တန့်ထားသည့်စက်ရုံများသည် နိုင်ငံ့အတွက်အရှုံးများသာဖြစ်သဖြင့် ပြန်လည်လည်ပတ်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိာက်တွန်းပြောကြားသည်။

ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍လည်း နိုင်ငံတော်ဝန်ကြီးချုပ်က ထိုသို့ဆောင်ရွက်ရာတွင် အကုန်အကျအနည်းဆုံးနှင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရေးအတွက် မလိုလားအပ်ဘဲ ငွေကြေးကုန်ကျမှုများမဖြစ်ပေါ်စေရေး မှန်မှန်ကန်ကန် ဆောင်ရွက်ကြစေလိုကြောင်း၊ မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းမရှိပါက အရေးယူခြင်း များကိုလည်း ဆောင်ရွက်နိုင်ကြောင်း၊ ဦးစီးခေါင်းဆောင်ရသည့် တာဝန်ရှိသူများအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို သိရှိအောင်ဆောင်ရွက်ပြီး မှန်ကန်သည့်လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အားပေးအပ်လာသည့်တာဝန်ကို မူဝါဒအားဖြင့် သိရှိဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားသည်။

အလားတူ လာမည့်ကာလတွင် ပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် အထောက်အကူပြုနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပညာရေးတွင် KG + 9 သင်ကြားပြီးမြောက်ချိန်တွင် အသက်မွေးဝမ်းကျောင်းပညာရပ်များ ကူးပြောင်းသင်ကြားနိုင်ရေး အောင်မြင်အောင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အောင်မြင်သောပညာရေးစနစ်ဖြစ်အောင် ဝိုင်ဝန်းတည်ဆောက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။