(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အသေးစား၊ အငယ်စားနှင့်အလတ်စား ထုတ်ကုန်ပစ္စည်းပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြခန်းနှင့် ဈေးရောင်းပွဲတော်တွင် ဝန်ကြီးဌာနပြခန်း(၂၅)ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြခန်း(၁၅)ခန်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု၊ ဒေသထွက်ကုန်များနှင့် တိုင်းရင်းသားရိုးရာအစားအစာအရောင်းပြခန်း(၁၅)ခန်း စုစုပေါင်းပြခန်း(၅၅)ခန်းအပြင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်းရှိ စက်မှုဇုန်များမှ MSME ထုတ်ကုန်များအရောင်းပြခန်း(၃၅၆)ခန်း၊ စုစုပေါင်း (၄၁၁) ခန်း ပါဝင်ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်သည်။

ယင်းပွဲတော်ကို ဖေဖော်ဝါရီ(၁၀)ရက်မှ (၁၄)ရက်နေ့အထိ ၅ ရက်ကြာ နေ့စဉ်နံနက် ၉ နာရီ မှ ည ၁၀ နာရီခွဲအထိ ခင်းကျင်းပြသမည်‌ရောင်းချမည်ဖြစ်ပြီး ဈေးရောင်းပွဲတော်သို့ လာရောက်ကြည့်ရှုဝယ်ယူအားပေးကြမည့် အများပြည်သူအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဦးလျှင်အဝစား(၅၀၀)ကျပ်နှင့် အဝစား (၈၀၀)ကျပ်နှုန်းထားများဖြင့် တန်ဖိုးသင့်ထမင်းနှင့်ဟင်း အရောင်းဆိုင်များဖွင့်လှစ်ထားရှိသလို ပွဲတော်လာပရိတ်သတ်များအား တိုင်းရင်းသားရိုးရာအကများ၊ မျိုးဆက်သစ်အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။