ဦးသုဝေကွယ်လွန်ပြီးနောက် ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနုမှ ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် ယခင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) သည် ယခုအခါ “ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ”ဟူသောအမည်သစ်ဖြင့် ဖေဖော်ဝါရီ (၇) ရက်တွင် မှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
အဆိုပါ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီသည် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဥ်ပြိုင်မည်မဟုတ်ဘဲ ပဲခူးတိုင်းဒေသကြီးအတွင်း၌သာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သည်ဟု ယခင်ပါတီ၏ အတွင်းရေးမှူးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ဆိုသည်။
နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေစတင်ပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ယခုမှတ်ပုံတင် လျှောက်ထားလာသည့် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှာ ဒုတိယမြောက် လျှောက်ထားလာသည့် ပါတီဖြစ်ပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြီးခဲ့သည့် ပထမဆုံးအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments