တပ်မတော်အတွင်း၌ စည်းကမ်းများချမှတ်ထားခြင်းသည် စနစ်တကျရှိမှုနှင့် စုစည်းညီညွတ်မှုရှိစေရန်အတွက်ဖြစ်ပြီး မလိုလားအပ်ဘဲ တင်းကြပ်ထားခြင်းမျိုး မဟုတ်ကြောင်း၊ စစ်မြေပြင်တွင် တစ်ဦးနှင့်တစ်ဦး အသက်ပေး၍ တာဝန်ထမ်းဆောင်ရမည့်သူများဖြစ်သည့်အတွက် အမိန့်နာခံမှုကောင်းပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး၊ မလိုလားအပ်ဘဲ အသက်အန္တရာယ်ထိခိုက်မှုများ မဖြစ်ပေါ်စေရေးတို့အတွက် အမိန့်ညွှန်ကြားချက်နှင့် စည်းကမ်းများ ချမှတ်ထားခြင်းဖြစ်သည်ကို နားလည်သဘောပေါက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ (ဖေဖော်ဝါရီ ၈ ရက်တွင်) ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားရာ၌ ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြဟ်သည်။

ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့ တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးများကို မြှင့်တင်နေရမည်ဖြစ်ပြီး တပ်မတော်မှ တာဝန်ထမ်းဆောင်မှုအလိုက်၊ အဆင့်အလိုက် တက်ရောက်ရမည့်သင်တန်းများ၌လည်း အမြဲမပြတ်ကြိုးပမ်းအားထုတ်ခြင်း၊စာပေများကို ဖတ်မှတ်လေ့လာနေရမည် ဖြစ်ကြောင်း၊ဦးစီးခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့၏ လက်အောက်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။

ထို့ပြင် တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်ပြီးတပ်မတော် (ကြည်း) တပ်မတော် (ရေ)၊ တပ်မတော်(လေ) ဟူ၍ မြေပြင်ရေပြင်၊ ဝေဟင် လုံခြုံရေးတာဝန်များကို စုပေါင်းအားဖြင့် ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာတွင် ကာကွယ်ရေးလုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ မိမိတို့၏ တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်ရေးအတွက် စွမ်းရည်သုံးရပ်နှင့် ပြည့်စုံနေရမည်ဖြစ်ပြီး အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း စစ်သည်တိုင်း မိမိတို့ တစ်ဦးချင်း နေ့စဉ်လုပ်ဆောင် ရမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် လုပ်ဆောင်နေခြင်းသည် လေ့ကျင့်ရေး ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ မိမိကိုယ်ကို အကျိုးမရှိစေနိုင်သည့် အသောက်အစားနှင့် အပျော်အပါးများကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်ပြီး ကျန်းမာကြံ့ခိုင်အောင် နေထိုင်ရမည်ဖြစ်ကြောင်းမိမိကိုယ်ကို ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်ခြင်းမရှိပါက မိမိအပြင် မိမိ၏ မိသားစု၊ မိမိအဖွဲ့အစည်း၏ အကျိုးစီးပွားကိုပါ ထိခိုက်စေနိုင်သည်ဖြစ်သဖြင့် ကျန်းမာကြံ့ခိုင်အောင် အသိတရားနှင့်ယှဉ်၍ နေထိုင်စားသောက်ရမည်ဖြစ်ကြောင်း၊ စစ်သည်တိုင်း ကျန်းမာကြံ့ခိုင်ပြီး အင်ပြည့်အားပြည့်ဖြင့် တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့သည်ဟု သိရသည်။