ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလမှာ စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက်တွေကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုဖြစ်သင့်သလောက် မဖြစ်ခဲ့ရဘဲ ပြည်သူလူထုကလည်း ၎င်းတို့မျှော်လင့်သလောက် ဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့တာကြောင့် ရွေးကောက်ပွဲအပေါ် အယုံအကြည်မဲ့လာပြီး No Vote လှုပ်ရှားမှုတွေ ပေါ်ပေါက်လာသဖြင့် ပါတီစုံဒီမိုကရေစီစနစ် ဆက်လက်ထွန်းကားရေးအတွက် ဆန္ဒမဲပေးကြဖို့ကို မိမိကိုယ်တိုင် တိုက်တွန်းခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။
ယမန်နေ့မွန်းလွဲပိုင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့တာပါ။
ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်မှာ ဖြစ်ပေါ်ခဲ့တဲ့အခြေအနေများအရ တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်နေရတဲ့ အခြေအနေမှန်တွေကို အရာရှိ၊ စစ်သည်၊ မိသားစုတွေအနေနဲ့ သိရှိနေရမှာဖြစ်ကြောင်း၊ နိုင်ငံတော်မှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးလိုလားလျက်ရှိတဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ဦးဆောင်ခဲ့တဲ့အခြေအနေတွေနဲ့ ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခဲ့တဲ့အခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီမိုကရေစီအစိုးသက်တမ်း ၂ ခုအတွင်း တပ်မတော်အနေနဲ့ ကျရာတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုခဲ့ကြောင်း တစ်ဖက်အဖွဲ့အစည်းအနေဖြင့်လည်း No Vote အခြေအနေတွေကြောင့် မဲအနိုင်မရမှာကိုစိုးရိမ်ပြီး ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုများဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေနဲ့ မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့တဲ့ အခြေအနေများ၊ နိုင်ငံတော်မှာ ဖြစ်ပေါ်လာခဲ့တဲ့ အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများနဲ့ပတ်သက်လို့လည်း ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။
ဆက်လက်ပြီးတော့လည်း တပ်မတော်အနေနဲ့ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကို သင်ခန်းစာယူပြီး လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ စီမံဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မည်သည့်နိုင်ငံဖြစ်စေ အမြဲမပြတ် ကြိုးပမ်း အားထုတ်နေမှသာလျင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့်လည်း နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကြားမှ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍လည်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့တယ်ပါတယ်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် မည်သည့်အစိုးရကအုပ်ချုပ်သည်ဖြစ်စေ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကိုသာ အစဉ်ဦးထိပ်ထား၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အရာရှိ၊ စစ်သည်၊ မိသားစုသိရှိနိုင်ရန် ယခုကဲ့သို့ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့ တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးများမြင့်တက်လာစေရေး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်တစ်ဦးချင်း၏ အရည်အသွေးများမြင့်မားစေရေး၊ အဆင့်နှင့်လျော်ညီသည့် အတတ်ပညာနှင့် ပညာရပ်များရရှိစေရေး သက်ဆိုင်ရာအဆင့်အလိုက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသကဲ့သို့ စစ်သည်များအနေဖြင့်လည်း ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း၊ စစ်စည်းကမ်းသည် တပ်မတော်၏ကျောရိုးဖြစ်ကာ စည်းကမ်းလိုက်နာမှုရှိပြီး အမိန့်နာခံမှုရှိမှသာလျှင် စစ်သားကောင်းတစ်ယောက်ပီသမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမိန့်နာခံမှုရှိခြင်းသည် အလွန်အရေးကြီးပြီး စည်းကမ်းကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်ခြင်းသည် အမိန့်နာခံမှုရှိခြင်းပင်ဖြစ်ကြောင်း၊ စည်းကမ်းများထုတ်ပြန်ထားရှိခြင်းသည် မည်သည့်လုပ်ငန်းကိုမဆို စည်းစနစ်တကျ ဆောင်ရွက်တတ်စေရန်နှင့် မဖြစ်သင့်သည်များကိုမဖြစ်စေရန် ထုတ်ပြန်ထားခြင်းဖြစ်ပြီး အကြောင်းမဲ့တင်းကြပ်ထားခြင်းမဟုတ်သည်ကို နားလည်သဘောပေါက်ရန်လိုကြောင်း၊ စည်းကမ်းလိုက်နာ ခြင်းဖြင့် မိမိကိုယ်ကိုမြှင့်တင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Recent Comments