“ပဲခူးမြို့ပေါ်မှာ လက်လုပ်မိုင်း ၅ လုံး ဆက်တိုက်ပေါက်ကွဲ” ဆိုပြီး ပြည်ဖျက် အနောက်ကုန်းမီဒီယာတွေကနေ အားရဝမ်းသာဖော်ပြခဲ့ပေမယ့် ယင်းဖြစ်စဥ်အတွင်း ပါဝင်ပတ်သက်ခဲ့တဲ့ အကြမ်းဖက်မိစ္ဆာ ၇ ဦးကို ၁ ရက်အတွင်းမှာပဲ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု နစက၏ ထုတ်ပြန်မှုအရ သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်များသည် ဖေဖော်ဝါရီ ၇ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပဲခူးမြို့ပေါ်ရှိ မဇင်းရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ ရှင်စောပုရပ်ကွက်တို့၌ လက်လုပ်မိုင်း ၅ လုံးဖောက်ခွဲခဲ့ခြင်းလည်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းတွင် ပဲခူးမြို့နယ်၊ ကလိကျေးရွာအနီး၌ တရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် (၂၀)နှစ်၊ မောင်သက်(၂၃)နှစ်နှင့် ၎င်း၏ဇနီးထားထားဝင်း(၂၃)နှစ်၊ ငစော(ခ)မျိုးမြတ်မင်းစော(၁၉)နှစ်တို့ ၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ထို့နောက် ဖမ်းဆီးရမိတရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၏ ထွက်ဆိုချက်အရ ၎င်းငှားရမ်းနေထိုင်သည့် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ တိုးချဲ့(၃)လမ်းရှိ နေအိမ်မှ အူဇီသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈ ကျည် ၅၀ တောင့် တို့အားလည်းကောင်း၊ မောင်သက် နှင့် ထားထားဝင်းတို့၏ နေအိမ်မှ M-79 ဗုံးပစ်လောင်ချာ ၁ လက်၊ ၄၀ မမ ဗုံးသီး ၇ လုံး၊ C-4 ယမ်း ၅ ထုပ်၊ ဒီတိုနေတာ ၄ ချောင်းနှင့် လက်လုပ်မိုင်း ၃ လုံးတို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဖမ်းဆီးရမိတရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၏ ထွက်ဆိုချက်အရ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၁)၊ သီးသန့်(၁)လမ်း၊ အမှတ်(သ/၂၂၇)ရှိ မျိုးတင့်၏နေအိမ်၌ လက်နက်/ခဲယမ်းများ သိမ်းဆည်းထားကြောင်းသိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ မျိုးတင့် (၅၅)နှစ်နှင့် ၎င်း၏ဇနီးယဉ်ယဉ်ဋ္ဌေး(၄၈)နှစ်တို့ ၂ ဦးအား M-16 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ၄၀ မမ ဗုံးသီး ၂၀ လုံး၊ ၅.၅၆ ကျည် ၁၀၀ တောင့်၊ ကျည်မျိုးစုံ ၂၈၈ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၅ လုံး တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် ဖမ်းဆီးရမိတရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၏ ထွက်ဆိုချက်အရ ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လမ်းကြောင်းအခြေအနေကြည့်ရှုပေးသူ သူရိန်အောင်(ခ)အောင်သူ(၁၉)နှစ်အား ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်၊ ပုဏ္ဏားစု(၁၄)လမ်းရှိ ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၅ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၇ ဦးတို့အား လက်နက်မျိုးစုံ ၄ လက်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ၄၀ မမဗုံးသီး ၂၇ လုံး၊ ကျည်မျိုးစုံ ၄၃၈ တောင့်၊ လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊ အခြားမိုင်းနှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#mhtnews
Recent Comments