ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးနှင့် ဒေသခံတို့၏ လူမှုစီးပွားမြင့်တက်စေရေးအတွက် ပုသိမ်လေယာဉ်ကွင်းကို အဆင့်မြှင့်တင်နိုင်ရန် လုပ်ငန်းဆန်းစစ်၍ စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍လည်း နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်မှ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ ဒေသအလိုက် သာယာလှပရေး အတွက်ကိုလည်း ဒေသခံများနှင့် တာဝန်ရှိသူများက ဆောင်ရွက်ကြရန်လိုကြောင်း၊ ပုသိမ်ဆိပ်ကမ်းတွင် ယခင်က ပင်လယ်ကူးသင်္ဘောများ ဝင်ရောက်ခဲ့ပြီးအကြောင်း အမျိုးမျိုးကြောင့်မြစ်ကြောင်း တိမ်ကောလာခြင်းများကြောင့် နောက်ပိုင်းတွင် ဝင်ရောက်နိုင်ခြင်းမရှိကြောင်း၊ ငပုတောတွင် ပင်လယ်ကူးသင်္ဘောများ ဝင်ရောက်နိုင်အောင် ဆိပ်ကမ်းတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့အတူ မိမိတို့ဒေသသို့ ခရီးသွားများလာရောက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေနိုင်မည်ဖြစ်သဖြင့် ဒေသသို့လာရောက်လိုစိတ်များ ဖြစ်ပေါ်လာစေရေး ဒေသသာယာလှပမှုများနှင့် ဒေသထုတ်ကုန်ပစ္စည်းများကို အရည်အသွေးမြှင့်တင် ဆောင်ရွက်ရန်လိုသကဲ့သို့ လူအများသိရှိစေရေး ကြေညာပေးရန်လည်းလိုကြောင်း၊ ကုန်စည်ပြပွဲများကျင်းပပြီး ဒေသမှထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို လူအများသိရှိ စိတ်ဝင်စားအောင် ပြသရောင်းချရန်လိုကြောင်းဖြင့်လည်း ထည့်သွင်းပြောကြားသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ဆောင်ရွက်၍ရကြောင်း၊ လေအားကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက်လည်း နိုင်ငံတော်အစိုးရအနေဖြင့် သုတေသနလုပ်ငန်းများကို မကြာမီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးအားလုံး ဆောင်ရွက်ကြရန်လိုပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စုပေါင်းအားဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်းကိုလည်း နိုင်ငံတော်ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။
Recent Comments