၂၀၂၃ ခုနှစ်တွင်ကျင်းပမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် နေပြည်တော်၌ လမ်းလျှောက်သင်္ကြန်ကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းကျင်းပမည်ဖြစ်သဖြင့် နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ဒေသနေပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားသည်။

 

ယမန်နေ့ (ဖေဖော်ဝါရီ ၂၂ ရက်)တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ အကြို ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ပြည်ထောင်စုဝန်ကြီးက နေပြည်တော်၌ကျင်းပမည့် ယခုနှစ်သင်္ကြန်တွင် လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ လမ်းလျှောက်သင်္ကြန်ကို နေပြည်တော်၌ ပထမဆုံးထည့်သွင်းကျင်းပခြင်းဖြစ်၍ မြန်မာ့ရိုးရာယဉ်ကျေးမှုအငွေ့အသက်များ မပျောက်ပျက်အောင် စံနမူနာပြ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ကျင်းပရာတွင် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ စနစ်တကျ သုံးသပ်စီမံဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။