နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့သွားရောက်စဥ် နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံသည် မြစ်ချောင်းအင်းအိုင်များ ပေါများပြီး ပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာပိုင်ဆိုင်ထားကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နေရာများစွာရှိခြင်းကြောင့် ငါးမွေးမြူရေးနှင့်ပတ်သက်၍ သိပ္ပံကျောင်းဖွင့်နိုင်ရန်စီမံဆောင်ရွက်ခဲ့ကြောင်း၊ ငါးသည်စားရေးအတွက် များစွာအထောက်အကူပြုစေနိုင်သည့်အတွက် ငါးလုံလောက်စွာရရှိရေး စနစ်တကျဖြင့် မွေးမြူနိုင်ရန်အတွက် သုတေသနပြုဆောင်ရွက်ရန်လိုကြောင်း၊ ရေချိုပုစွန်နှင့် ရေငန်ပုစွန်မွေးမြူလုပ်ငန်းများ တိုးတက်ရေးအတွက်လည်း သုတေသနပြုလုပ်ရန်လိုကြောင်း၊ ငါးနှင့် ပုစွန်မွေးမြူရေး အောင်မြင်ရန်အတွက် လူသားအရင်းအမြစ်ကောင်းများ များစွာလိုအပ်ပြီး ယခုကျောင်းမှတစ်ဆင့် ပညာရှင်များပေါ်ထွန်းလာမည်ဖြစ်သဖြင့် ဂုဏ်ယူပါကြောင်း ပြောကြားသည်။

ဆက်လက်၍လည်း နိုင်ငံတော်ဝန်ကြီးချုပ်က အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန်အတွက် သိပ္ပံကျောင်းမှတစ်ဆင့် တက္ကသိုလ်နှင့် ကောလိပ်များကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာနှင့်စက်မှုသင်တန်းများကို လာမည့် ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် နည်းပညာဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းကျောင်းများမှ ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆင့်မြင့် ပညာရပ်များဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

အလားတူ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်တတ်မြောက် စေရေးအတွက် စနစ်တကျဖြင့် သင်ကြားလေ့ကျင့်မည်ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့်အချိန်တွင်လည်း သင်ကြားခဲ့သည့် ဘာသာရပ်များနှင့်လျော်ညီသည့် လုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း၊ လူမှန်၊ နေရာမှန်ရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်သို့ ရောက်ရှိချိန်တွင်လည်း သင်ကြားပေးလိုက်သည့် ပညာရပ်များကို စနစ်တကျအသုံးချပြီး မိမိတို့၏ လုပ်ငန်းရပ်ဆိုင်ရာပညာများ ပိုမိုတိုးတက်အောင် လေ့လာဆောင်ရွက်ကြစေလိုကြောင်း၊ ဘာသာရပ်ဆိုင်ရာများတွင် အထောက်အကူရရှိစေရေးအတွက် အင်္ဂလိပ်ဘာသာရပ်ကို လေ့လာသင်ယူကြရန်လိုကြောင်းဖြင့်လည်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။