နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ ထိုင်းနိုင်ငံတွင် ရောက် ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲကြုံတွေ့ ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသား ၆၇၉ ဦးတို့အနက် ကော့သောင်းမြို့မှ မိုင်ပေါင်း ၄၅၅ မိုင်ခန့်ကွာဝေးသည့် ရန်ကုန်တိုင်းဒေသကြီးမှ နေရပ်ပြန်မြန်မာနိုင်ငံသား ၁၁၈ ဦး အား မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် ခေါ်ဆောင်လာခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ)သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသော နေရပ်ပြန်တို့အား နယ်မြေခံ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်မိသားစုဝင်များ၊ တိုင်းဒေသကြီးနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် နေရပ်ပြန်မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက နွေးထွေးလှိုက်လှဲစွာ လာရောက်ကြိုဆိုကြပါသည်။

 ထိုသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ပြီး ၎င်းတို့ကို ဒဂုံဆိပ်ကမ်း၊ ရိုးမရိပ်သာ Quarantine Center ၌ COVID-19 စည်းကမ်းချက်များနှင့်အညီ စနစ်တကျ စောင့်ကြည့်ထားရှိပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေရပ်ပြန်များအား သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြင်ပတွင်နေထိုင်သော နေရပ်ပြန်များအား သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များထံသို့လည်းကောင်း စနစ်တကျအပ်နှံသွားမည်ဖြစ်ပြီး ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် မိသားစုနှင့် အမြန်ပြန်လည်တွေ့ဆုံနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ကော့သောင်းမြို့နှင့် မိုင်ပေါင်း ၇၀၀ ကျော်ခန့်ကွာဝေးသည့် အလွန်ဝေးလံသော ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ‌ နေရပ်ပြန်မြန်မာနိုင်ငံသား ၈၀ ဦး နှင့် ကျောက်ဖြူမြို့မှ နေရပ်ပြန်မြန်မာနိုင်ငံသား ၃၁ ဦးတို့အား မြန်မာ့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်(အနော်ရထာ)ဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။

 ထိုသို့ ပို့ဆောင်ပေးရန် စစ်ရေယာဉ်(အနော်ရထာ)ဖြင့် တင်ဆောင်လာစဉ် လမ်းခရီးတစ်လျှောက်၌ စစ်ရေယာဉ်မှ အာဟာရပြည့်စားသောက်ဖွယ်ရာများ ကျွေးမွေး ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများဆောင်ရွက်စေခြင်း၊ အားကစားပြိုင်ပွဲများကျင်းပ ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ အနီးကပ်ဆောင်ရွက်ပေးခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် စိတ်ရွှင်လန်းအပန်းပြေစေရန် ဆောင်ရွက်ပေးခဲ့ကြရာ အဆိုပါ စစ်ရေယာဉ်သည် ယမန်နေ့မွန်းလွဲပိုင်းချိန်တွင် ကျောက်ဖြူမြို့အမှတ်(၁)တံတားသို့ ရောက်ရှိခဲ့သည်။

ကျောက်ဖြူမြို့သို့ ပြန်လည်ရောက်ရှိလာကြသော နေရပ်ပြန်မြန်မာ နိုင်ငံသား ၃၁ ဦးအား နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေရပ်ပြန်မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက နွေးထွေးလှိုက်လှဲစွာ လာရောက် ကြိုဆိုကြသည်။

နေရပ်ပြန်မြန်မာနိုင်ငံသားများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဧည့် ရိပ်သာတွင် အဆာပြေစာ ရခိုင်မု့န်တီကျွေးမွေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းတို့ပြုလုပ်၍ လိုအပ်သည်များမှာကြားကာ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် မိဘအုပ်ထိန်းသူများထံ စနစ်တကျအပ်နှံပြီး အလွန်ဝေးလံ သည့် နေရာဒေသများသို့ အချိန်တိုအတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိသားစု များနှင့် အမြန်ဆုံးပြန်လည်တွေ့ဆုံနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် စစ်ရေယာဉ်(အနော်ရထာ)သည် စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင်မြို့များမှ နေရပ်ပြန်မြန်မာနိုင်ငံသား ၈၀ ဦးအား ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။