ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသအတွင်း၌ ဆောင်ရွက်မည့် အပန်းဖြေအိမ်ရာစီမံကိန်းအပြင် ခရီးသွားဝန်ဆောင်မှုကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်တင်ပို့ခြင်းဆိုင်ရာ လုပ်ငန်းများအတွက် ရုရှား – မြန်မာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းကို ဖေဖော်ဝါရီ ၄ ရက်တွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel Yangon ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရုရှား- မြန်မာချစ်ကြည်ရေးအသင်း (RUSSIA-MYANMAR ASSOCIATION FOR FRIENDSHIP & COOPERATION, RMAFC) ဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သောရုရှားနိုင်ငံမှ စီးပွားရေးပညာရှင်များပါဝင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များ၊ Treasure of Ngapali Development Co.,Ltd မှ အမှုဆောင် အရာရှိချုပ်နှင့် အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်များ၊ Shwin Pyaw Pyaw Trading Co.,Ltd တို့မှ အုပ်ချုပ်မှုဒါရိုက်တာနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နှစ်ဖက်သဘောတူ စာချုပ်(MoU) များ လက်မှတ်ရေးထိုးကြရာတွင် ရခိုင်ပြည်နယ်သံတွဲမြို့ ငပလီကမ်းခြေဒေသအတွင်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ခရီးသွားကဏ္ဍများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးကို အထောက်အကူပြုမည့်ကိစ္စ၊ ရုရှား-မြန်မာ ငပလီကမ်းခြေအိမ်ရာ စီမံကိန်းစတင်အကောင်အထည်ဖော်ရေး၊ ကော်ဖီ စိုက်ပျိုးထုတ်လုပ်တင်ပို့ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
Recent Comments