NLD ပါတီဥက္ကဋ္ဌ (အောင်ဆန်းစုကြည်) နှင့် သမ္မတဟောင်း (ဝင်းမြင့်) တို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် တိုက်ရိုက်နှင့်သွယ်ဝိုက် ဖိအားပေးဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ (ဇန်နဝါရီ ၃၁ ရက်)တွင် ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၃) ၌ ယာယီသမ္မတထံ တင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုများနှင့် အဆိုပါမဲမသမာမှုများကို တာဝန်ရှိသူများက ဖြေရှင်းပေးခဲ့ခြင်းမရှိဘဲ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်တစ်ဝန်းလုံးကို အရေးပေါ်အခြေအနေကြေညာခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည့်အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ဖွဲ့စည်း၍ မဲစာရင်းစစ်ဆေးခဲ့မှုနှင့် စစ်ဆေးတွေ့ရှိမှုအခြေအနေများ၊ မဲမသမာမှုတွင် တာဝန်ရှိသူများကို အရေးယူဆောင်ရွက်ခဲ့မှုအခြေအနေများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေများ၊ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်ငြိမ်းသက်သာခွင့်များပေးခဲ့သည့်အခြေအနေများ၊ နောင်လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများမှန်ကန်မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မူးယစ်ဆေးဝါးဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေများ၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု၊ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရမှုအခြေအနေများနှင့် နိုင်ငံတော်အာဏာ ကိုဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင် လာမှုအခြေအနေများကို အကျယ်တဝင့်ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြသည်။
ယာယီသမ္မတအပါအဝင် တက်ရောက်လာသူအားလုံးက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိသော်လည်း နိုင်ငံတော်ကို အလုံးစုံပျက်သုဉ်းစေလိုသည့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများ ပြည်သူဆိုင်ရာနေရာများကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လက်နက်ကိုင်ခြိမ်းခြောက်အကြပ်ကိုင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် သာမန်မဟုတ်သောအခြေအနေတွင်ရှိနေဆဲဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းနှင့် လိုအပ်သည့် ထုတ်ပြန်ကြေညာချက်ကို ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Recent Comments