၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှစတင်၍ ကျောင်းသား၊ ကျောင်းသူများ အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့် ရရှိနိုင်ရေးအတွက် ခရိုင် (၅၀)အတွင်းမှ မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း (၅၀)တို့တွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ (ဇန်နဝါရီ ၂၅ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်း စီမံအုပ်ချုပ်မှုကိစ္စရပ်များ တာဝန်ခွဲဝေခြင်း၊ သင်ရိုးညွှန်းတမ်းများ ရေးဆွဲသတ်မှတ်ခြင်း၊ ပုံနှိပ်စာအုပ်များ ရိုက်နှိပ်ခြင်း၊ သင်ကြားမည့် ဆရာဆရာမများ သတ်မှတ်ခြင်း၊ ဘာသာရပ်များ ခွဲဝေသတ်မှတ်ခြင်း၊ ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးဖြည့်ဆည်းခြင်း၊ သင်ယူမှုရလဒ်များ စစ်ဆေးခြင်း၊ ဘတ်ဂျက်ခွဲဝေသုံးစွဲဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

#mhtnews