၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အမီ ချင်းတွင်းမြစ်ကူး ထမံသီတံတားပြီးစီးရေးနှင့် ထမံသီအထိ ကတ္တရာလမ်း ခင်းကျင်းပေးနိုင်ရေး ရည်မှန်းချက်ထား ကြိုးစားဆောင်ရွက်သွားမည့်အပြင် စာရာမေရိတောင်ခြေရှိ လေရှီး-လဟယ် ဆက်သွယ်ထားသည့် မြေသားလမ်းကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

 

 

 

ယမန်နေ့နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ မာလာတောင် အားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး အထူးအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

 

ထို့ပြင် ပညာရေးမြှင့်တင်မှုနှင့်ပတ်သက်၍ နာဂဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု အတတ်ပညာများပါဝင်သည့် အခြေခံပညာ အထက်တန်းကျောင်းတစ်ခုကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် သိပ္ပံအဆင့်အထိ အဆင့်ဆင့်တက်လှမ်းနိုင်ရေး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

 

 

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားရာတွင် မိမိတို့အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဒေသများကို ကိုယ်တိုင်သွားရောက်တွေ့ဆုံ၍ လိုအပ်သည်များ၊ တင်ပြချက်များအပေါ် တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

 

 

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ မလာရောက်မီ ကပင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် အဓိကအလေးထား စဉ်းစားခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဒေသတွင်နေထိုင်ကြသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းသည် အကျိုးရှိပြီး ထိရောက်မှုရှိသည်ဖြစ်သဖြင့် ယခုကဲ့သို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေး အထူးအစည်းအဝေးကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြ နိုင်ရန်နှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

 

#mhtnews