၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များမှ ဖမ်းဆီးရရှိခဲ့သည့် အမှုတွဲပေါင်း (၄၂၃၂)မှုရှိပြီး ၎င်းအမှုတွဲများမှ ခန့်မှန်းငွေကျပ် (၆၅ဒသမ ၀၅၆) ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို ဖမ်းဆီးရရှိခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ပြောကြားမှုအရ သိရသည်။

 

 

 

ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၃) သို့ တက်ရောက်အမှာစကား ပြောကြားစဥ် ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

 

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း ဖမ်းဆီး ရမိမှု စုစုပေါင်းအမှုတွဲမှာ (၂၂၄၀)မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၈ဒသမ၄၅၉)ဘီလီယံ ဖြစ်သဖြင့် ယင်းကာလထက် ၂၀၂၂ ခုနှစ်တွင် အမှုတွဲပေါင်း (၁၉၉၂)မှုနှင့် ခန့်မှန်း တန်ဖိုးကျပ် (၅၆ ဒသမ ၅၉၇)ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့သည်ဟုဆိုသည်။

 

 

 

ထို့ပြင် နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို စနစ်တကျ ထိန်းကျောင်းနိုင်ရန်အတွက် လိုအပ်သည့်မူဝါဒများကို အခါအားလျော်စွာ ပြောင်းလဲကျင့်သုံးခဲ့ရသည့် အခြေအနေများ ရှိကြောင်း၊ အထူးသဖြင့် မလိုအပ်သည့်ကုန်ပစ္စည်း တင်သွင်းမှုများတွင် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရန်အတွက် ကုန်သွယ်မှုမူဝါဒအပြောင်းအလဲများ ပြုလုပ်ရကြောင်းကိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ရှင်းလင်းပြောကြားခဲ့သေးသည်။

 

 

 

အလားတူ ဒုတိယဗိုလ်ချုပ်မှူးကြီးက ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ခဲ့သည့် ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၀/၂၀၂၂)အရ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် တင်သွင်းရမည့် ကုန်စည်များကို ပို့ကုန်ကရရှိသည့် ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်မှုများအပေါ် အခြေခံပြီး တင်သွင်းခွင့်ပြုသည့် အစီအစဉ်ကြောင့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဒီဇင်ဘာလအတွင်း သွင်းကုန်လိုင်စင်လျှောက်ထားမှုများ သိသိသာသာ ကျဆင်းသွား သော်လည်း မြဝတီမြို့ကို တစ်ဘက်နိုင်ငံ၏ ချစ်ကြည်ရေးတံတားမှ ဝင်ရောက်နေသည့် သွင်းကုန်ကုန်တင်ယာဉ် အရေအတွက် အနေဖြင့် သိသိသာသာကျဆင်းသွားခြင်းမရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ယင်းသည် လိုင်စင်လျှောက်ထားရန် လိုအပ်သည့်ကုန်စည်များ တရားမဝင် နည်းလမ်းများဖြင့် ဆက်လက် ဝင်ရောက်နေခြင်းဖြစ်သည်ဟု ယေဘူယျ ကောက်ချက်ချ၍ရကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

 

#mhtnews