အကြမ်းဖက် အဖျက်သမားဆိုတဲ့ အမည်နဲ့လိုက်အောင် အကြမ်းဖက် အဖျက်လုပ်ရပ်မှန်သမျှ အကုန်လုပ်တဲ့ NUG လက်ပါးစေအုပ်စုက ရန်ကုန် – မော်လမြိုင် မီးရထားလမ်းပိုင်းတစ်ခုဖြစ်တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးဘူတာနဲ့ ကျိုက္ကသာဘူတာကြားမှာရှိတဲ့ မီးရထားသံလမ်းကို မိုင်းထောင်ဖောက်ခွဲခဲ့တယ်လို့ နစကရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ယမန်နေ့ (ဇန်နဝါရီ ၂၆ ရက်) မွန်းတည့် ၁၂ နာရီခန့်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ခလွန်ချောင်းတံတားအမှတ် (၄၁)၊ မိုင်တိုင် (၈၈) နေရမှာရှိတဲ့ ရထားလမ်းကူး သံဘောင်ဘေလီတံတားအပေါ်မင်းကုန်း (Topcord) တစ်ခုမှာ ၆ လက်မခန့်ပျက်စီးသွားတာကြောင့် ရထားဖြတ်သန်းသွားလာနိုင်မှုမရှိဘဲ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါနေရာ ပတ်ဝန်းကျင်တစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆက်လက်ရှင်းလင်းခဲ့ရာမှာတော့ တံတားပေါ်မှာ ထောင်ထားတဲ့ ဒေသန္တရလက်လုပ် ရီမုမိုင်း ၁၀ လုံး ထပ်မံတွေ့ရှိခဲ့တာကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးလုပ်ထုံးလုပ်နည်းနဲ့အညီ သက်မဲ့ပြုလုပ်ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။