ဝေးလံခေါင်ဖျားသည့် ဒေသများ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးမှူးအရာရှိများအနက် ၇၆ ဦးကို ဆေးပညာမဟာသိပ္ပံသင်တန်းသို့ တိုက်ရိုက်တက်ရောက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားမှုအရ သိရသည်။

 

 

 

အလားတူ ဆေးမှူးအရာရှိများအနေဖြင့်လည်း မိမိတို့၏ ဘဝမျှော်လင့်ချက်ပန်းတိုင်ကို ရောက်ရှိအောင် မျက်ခြေမပြတ် ဆက်လက်ကြိုးပမ်းအားထုတ်ခြင်းဖြင့် မိမိအကျိုး၊ မိမိ မိသားစုအကျိုး၊ နိုင်ငံတော်နှင့် တပ်မတော်အကျိုးကို တိုးတက်အောင် ဆောင်ရွက်သွားကြ လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုရရှိခဲ့သည့် ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်ရှည်သည်းခံမှု၊ ရောင့်ရဲတင်းတိမ်မှုများကို မလျှော့ကြရန်မှာကြားလိုကြောင်းဖြင့်လည်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားသည်။

 

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသများမှ ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ပေးရန်အတွက် ဆရာဝန်လိုအပ်လျက်ရှိသော ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဆရာဝန်များအား ဂုဏ်ပြုသည့်အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

 

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးက ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဆေးမှူးအရာရှိများအနက် ထူးခြားချက်အနေဖြင့် တပ်မတော်သား ဆေးမှူးအရာရှိတစ်ဦးသည် ၂၀၁၈ ခုနှစ်တွင် မတူပီမြို့နယ် ပြည်သူ့ဆေးရုံမှာ ပထမအကြိမ် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ယခု ၂၀၂၂ ခုနှစ်တွင်လည်း ဒုတိယအကြိမ်အနေဖြင့် မိမိဆန္ဒအလျောက် လဟယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ထပ်မံသွားရောက်တာဝန် ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရသည့်အတွက် ချီးကျူးဂုဏ်ယူကြောင်းကို ပြောကြားလိုကြောင်းဖြင့်လည်း ထည့်သွင်းပြောကြားခဲ့သည်။

 

 

 

တပ်မတော်အနေဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင်ရှိသည့် တိုင်းရင်းသားများကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ရာ၌ ပထမအကြိမ်အနေဖြင့် ဒေသခံပြည်သူ ၂၀၂,၃၃၂ ဦး၊ ဒုတိယအကြိမ်အနေဖြင့် ၁၇၁,၀၈၄ ဦး၊ တတိယအကြိမ်အနေဖြင့် ၉၃,၆၀၀ ဦး၊ စုစုပေါင်း ၄၆၇,၀၁၆ ဦးတို့ကို ပြုစုစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

#mhtnews