မြန်မာ- တရုတ် နယ်စပ်ဝင်/ထွက်ဂိတ်များမှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့်သူများလိုက်နာရန် ယနေ့ (ဇန်နဝါရီ ၁၄ ရက်) ည ၁၂ နာရီမှစတင်သက်ရောက်မည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကို နစက၏ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

 

အဆိုပါထုတ်ပြန်ချက် မြန်မာ-တရုတ်နယ်စပ်ဝင်ထွက်ဂိတ်များမှ မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေးများအနက် တစ်မျိုးမျိုးကို မြန်မာနိုင်ငံမဝင်မီ ၁၄ ရက်ကျော်က အကြိမ်ပြည့်ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်ပါရှိရမည်ဖြစ်ကာ ယင်းသတ်မှတ်ချက်ကို အသက် (၁၂)နှစ်အောက်ကလေးများ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

 

ထို့ပြင် မြန်မာနိုင်ငံသို့မဝင်ရောက်မီ ၄၈ နာရီအ တွင်း ကိုဗစ်(၁၉)ရောဂါကင်းရှင်းကြောင်း RT-PCR နည်းဖြင့်စစ်ဆေးထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေလည်း ပါရှိရမည်ဖြစ်သလို စာရွက်စာတမ်း/အထောက်အထားများ၏ မိတ္တူတစ်စုံစီကို မြန်မာ-တရုတ်နယ်စပ်ဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိများထံ ပြသရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ခရီးသွားများအနေဖြင့် ကျန်းမာရေးကြေညာချက် (Health Declaration Form)ကို မြန်မာနိုင်ငံရောက်ချိန်၌ မြန်မာ-တရုတ်နယ်စပ်ဝင်ထွက်ဂိတ်ရှိ ကျန်းမာရေးအရာရှိများထံ တင်ပြရမည်ဖြစ်ပြီး မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိပါက ဥပဒေအရအရေးယူခံရမည်ဖြစ်သည်။

 

ထို့အတူ နယ်စပ်ဝင်/ထွက်ဂိတ်၌ ကိုယ်အပူချိန်တိုင်းခြင်းနှင့်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းတို့ကိုခံယူရမည်ဖြစ်ကာ ကိုယ်အပူချိန်မြင့်ခြင်း၊ကိုဗစ်(၁၉)ရောဂါလက္ခဏာများတွေ့ပါက RDT နည်းဖြင့် စစ်ဆေးမည်ဖြစ်ပြီး ကိုဗစ်(၁၉) ရောဂါတွေ့ရှိပါက ချက်ချင်းသီးခြားထားရှိ၍ သတ်မှတ်ထားသည့် ဆေးရုံ(သို့)ကုသရေးစင်တာ(သို့)ဟိုတယ်သို့ လွှဲပြောင်းပို့ဆောင်ကာ ကုသမှုခံယူရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံ၌နေထိုင်စဉ် ကိုဗစ်(၁၉)ရောဂါလက္ခဏာများပေါ်ပေါက်လာပါက ရောက်ရှိရာဒေသရှိ ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခြင်းမပြုမီ တရုတ်နိုင်ငံ၏လိုအပ်ချက်အရ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်လိုပါက ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် ဓာတ်ခွဲခန်းများတွင် မိမိစရိတ်ဖြင့်ဆောင်ရွက်နိုင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

 

နိုင်ငံခြားသားခရီးသွားများသည် အသွားအလာကန့်သတ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးမှုနှင့်ဆေးကုသမှု ကုန်ကျစရိတ်များအားကျခံရမည်ဖြစ်ကာ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံတကာဝန်ထမ်းများနှင့်မိသားစုဝင်များအား Home Quarantine ခွင့်ပြုပေးမည်ဖြစ်သည်။

 

ထို့ပြင် ခရီးသွားများသည် မြန်မာ-တရုတ်နယ်စပ်ဝင်ထွက်ဂိတ်တာဝန်ရှိသူများနှင့်သက်ဆိုင်ရာ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များကို တိကျ စွာလိုက်နာရမည်ဖြစ်ပြီး ပျက်ကွက်ပါကဥပဒေအရအရေးယူခံရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသို့ နိုင်ငံတော်အဆင့်လာရောက်သည့် နိုင်ငံတော်အဆင့် ဧည့်သည်တော်များ (သို့) နိုင်ငံခြားကိုယ်စားလှယ်တော်များသည် ဆိုက်ရောက်မည့် နေ့ရက်မတိုင်မီ အလုပ်လုပ်ရက် အနည်းဆုံး ၅ ရက်ကြိုတင်၍ ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ထိန်းချုပ်ကုသရေးဗဟိုကော်မတီ၊နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့သို့တင်ပြ၍ သတ်မှတ်ချက်များမှ ကင်းလွတ်ခွင့်တောင်းခံနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားမှုအရ သိရသည်။

#mhtnews