မန္တလေးမြို့မှာ ၂ ရက်ဆက်တိုက် မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ (ဇန်နဝါရီ ၃၁ ရက်) ၃ ရက်မြောက်နေ့ နံနက် ၇ နာရီ ၅၅ မိနစ်အချိန်ခန့်မှာလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက် ၊ ၃၂(A)လမ်း၊ ၇၃-၇၄လမ်းကြားရှိ ပေါက်စီလုပ်ငန်းလုပ်ကိုင်တဲ့ နေအိမ်မှာ ပေါက်စီပေါင်းဖို မီးကြွင်းမီးကျန်စုပုံထားရာကနေ မီးကူးစက်လောင်ကျွမ်းမှုတစ်ခု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် တန်ဖိုးငွေ ၆၃သိန်းကျော် ဆုံးရှုံးခဲ့သလို မီးစလောင်တဲ့ နေအိမ်ပိုင်ရှင် အသက် (၂၆) နှစ်အရွယ် အမျိုးသားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)မြို့မရဲစခန်းမှ (ပ-၂၆/၂၀၂၃)ပုဒ်မ (၂၈၅)နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်၊ ည ၉ နာရီ ၁၇ မိနစ်အချိန်ကလည်း အဆိုပါ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ ၃၂ လမ်း၊ ၈၃ လမ်းနဲ့ ၈၄ လမ်းကြားက တည်းခိုခန်းတခုမှာ Air Con (Safe Guard) အပူလွန်ကဲရာမှ မီးပွားကျကာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။
အလားတူ ဇန်နဝါရီ ၃၀ ရက်၊ ည ၈ နာရီ ၈ မိနစ်အချိန်ကလည်း ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ လမ်း ၈၀၊ လမ်း ၃၀ နဲ့ ၃၁ လမ်းကြားရှိ နေအိမ်တစ်အိမ်မှာ CCTV မိန်းထုပ် အပူလွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
Recent Comments