နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယမန်နေ့ (ဇန်နဝါရီ ၃၀ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်ဟု သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများတက် ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာမှု အခြေအနေများ၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များတွင် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများ၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပျံသန်းရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံထုတ်ကုန်များ အပြန်အလှန်တင်ပို့နိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ယခုထက် ပိုမိုတိုးတက်စေရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။