စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက်၊ ချင်းစုရပ်၊ အောင်ချမ်းသာဘုရားလမ်း၊ စိန်ကမ္ဘာခေါက်ဆွဲစက်ရုံရှေ့ လမ်းမပေါ်မှာ ယနေ့ (ဇန်နဝါရီ ၂၁ ရက်) မနက် ၅ နာရီခွဲအချိန်ခန့်က အမည်မသိ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းအရ သိရပါတယ်။

 

၎င်းရုပ်အလောင်း တွေ့ရှိရာနေရာကို သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးခဲ့ရာ ရှေ့လည်ပင်းမှ နားရွက်နောက်အထိ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဦးခေါင်း ယာဘက်ဂျိုစောင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံနဲ့ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ၁ ချက်စီအပြင် ကျောပြင် စူးဝင်ဒဏ်ရာများနဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

 

လက်ရှိမှာ သေဆုံးသူဟာ အသက် (၃၀) နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်းသာ သိရှိရပြီး မည်သူမည်ဝါဖြစ်ကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

#mhtnews