နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊မာရဝိဇယ ဗုဒ္ဓဥယျာဥ်တော်အတွင်း၌ တည်ထားလျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အရေးကြီးသည့်အပိုင်းတစ်ခုအဖြစ် တွဲဆက်ထားသော ဆင်းတုတော်အပိုင်း(၁/၂/၃)တို့ကို ယနေ့ (ဇန်နဝါရီ ၂၆ ရက်) နံနက်ပိုင်းတွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်ဟု သိရသည်။
အဆိုပါမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၊သီတဂူဆရာတော်ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့်ဆရာတော်၊သံဃာတော်များကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။
ထို့အတူ ဦးဆောင်ဘုရားဒါယကာကြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နစက ဥက္ကဋ္ဌနှင့်.ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊တာဝန်ရှိသူများနှင့်ဧည့်ပရိသတ်များလည်း တက်ရောက်ကြည်ညိုကာ ဆရာတော်ကြီးများမှ ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရတနာပလ္လင်တော် အထောက်အကူပြုသံမဏိစင်၊ဆင်းတုတော်ထည့်သွင်းထားသည့် သံမဏိပန်းတောင်း၊ ဆင်းတုတော်ကို ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်မည့် သံမဏိမျှော်စင်ကရိန်း ၄ ခုတို့ကို ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်၍ မင်္ဂလာအချိန်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စက်ခလုပ်နှိပ်၍ မင်္ဂလာစက်ယန္တရားများဖြင့်ပင့်ဆောင်ပူဇော်ခဲ့ကြသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် စကျင်ကျောက်ဖြင့်ထုဆစ်သည့် ဗုဒ္ဓရုပ်ပွားတော်များထဲတွင် ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်ကြီးဖြစ်ပြီး ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ယနေ့ပင့်ဆောင်သည့် ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီး၏ အလေးချိန်မှာ ၁၇၀၀ တန်ဖြစ်ကာ ဆင်းတုတော်အစိတ်အပိုင်းကြီးအား သံမဏိမျှော်စင်ဝန်ချီစက်အသုံးပြု၍ ရတနာပလ္လင်တော်ပေါ်သို့ရောက်ရှိရန် ပင့်ဆောင်ချိန် ၇၂ နာရီခန့်ကြာမြင့်မည်ဖြစ်သည်။
ဦးဆောင်ဘုရားဒါယကာကြီးဖြစ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဗုဒ္ဓဥယျာဉ်တော်အတွင်း ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ခြင်း၊ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ သာသနိကအဆောက်အဦများထည့်သွင်းတည်ဆောက်ခြင်း၊ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ရန် စီမံဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍ ကြွရောက်တော်မူလာကြသည့် ဗန်းမော်ဆရာတော်ဘုရားကြီး၊သီတဂူဆရာတော်ဘုရားကြီးနှင့် ဆရာတော်၊သံဃာတော်များအား ရှင်းလင်းလျှောက်ထား၍ ဆရာတော်ကြီးများထံမှ သြဝါဒခံယူခဲ့ကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် ဗဟိုမဏ္ဍိုင်ဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၇ ရက်နံနက် ၈ နာရီတွင် ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#mhtnews
Recent Comments