မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၌ စိတ်ပါဝင်စားသည့် ကုမ္ပဏီ ၂၆ ခုမှ အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီသို့ လာရောက်တွေ့ဆုံပြီး ဆောင်ရွက်မည့်အစီအမံအသေးစိတ်များကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် စိစစ်ခွင့်ပြုပေးလျက်ရှိရာ Chin Dwin Shan Construction Co., Ltd. နှင့် NPK Motors Co., Ltd. တို့မှ ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် လျှပ်စစ်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ မြန်မာနိုင်ငံသို့ ပထမအကြိမ် တင်သွင်းရောက်ရှိခဲ့သည်ဟု သိရသည်။
ထိုသို့ ရွာသာကြီး Dry Port တွင် ရောက်ရှိနေသည့် Chin Dwin Shan Construction Co., Ltd. မှ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ်အစီး ၃၀ နှင့် NPK Motors Co., Ltd. မှ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ် ၁၀ စီး စုစုပေါင်းအစီး ၄၀ တို့ကို အမျိုးသားအဆင့်ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ-၁ ဒေါက်တာချာလီသန်းနှင့် လုပ်ငန်းကော်မတီ(၅)ရပ်မှဥက္ကဋ္ဌများ၊ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် လျှပ်စစ်သုံးယာဉ်အတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ခွင့်ပြုထားသည့် လိုင်စင်ပါဖော်ပြချက်များ မှန်ကန်မှုရှိ/မရှိ စစ်ဆေးမှုပြုလုပ်၍ ယာဉ်များထုတ်ယူသည့်လုပ်ငန်းစဉ်ကို ကြည့်ရှုစစ်ဆေးသည်။
ယခုရောက်ရှိလာသော ယာဉ်များသည် တရုတ်နိုင်ငံမှထုတ်လုပ်သည့် BYD အမျိုးအစား E2 Model ဖြစ်ပြီး လူစီးနှင့် တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲအသုံးပြုမည့် လျှပ်စစ်သုံးယာဉ်များဖြစ်ပြီး အများပြည်သူအသုံးပြုနိုင်ရေး လျှပ်စစ်သုံးတက္ကစီအဖြစ် Chin Dwin Shan Construction Co., Ltd. မှ ရန်ကုန်လေဆိပ်တွင်အခြေပြု၍ တက္ကစီ ၁၀ စီး၊ NPK Motors Co., Ltd. မှ နေပြည်တော် သပြေကုန်း ဈေးတွင်အခြေပြု၍ တက္ကစီ ၁၀ စီး ပြေးဆွဲကြမည်ဖြစ်သည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီကို ၂၀၂၂ ခုနှစ် ဇွန်လတွင် အမျိုးသားအဆင့်ဖွဲ့စည်းခဲ့ပြီး လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ခြင်း၊ လျှပ်စစ်သုံးယာဉ် အသုံးပြုမှုအတွက် အခွန်/အခကင်းလွတ်ခွင့်များ၊ အခြားသက်သာခွင့်များဖော်ဆောင်ပေးခြင်း၊ လိုအပ်သည့်အမိန့်ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများသတ်မှတ်ခြင်း၊ အများသုံး Charging Station များ တည်ဆောက်နိုင်ရေး စီမံချက်များချမှတ်ခြင်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် အမျိုးသားအဆင့် ဦးဆောင်ကော်မတီသည် “လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ”ကို ရေးဆွဲပြုစုထားပြီး မကြာမီ နိုင်ငံတော်အဆင့် အတည်ပြုထုတ်ပြန်နိုင်ရေး လုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိသည်။
ပြည်တွင်း၌ လျှပ်စစ်သုံးယာဉ်များ တွင်ကျယ်စွာအသုံးပြုနိုင်ရေး ကနဦး ရှေးပြေးစီမံကိန်း(Pilot Project)ကာလကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ထားပြီး လျှပ်စစ်သုံးယာဉ်ကဏ္ဍတွင် ဆောင်ရွက်လိုသည့် ကုမ္ပဏီများမှ တင်ပြသည့် အဆိုပြုလွှာများကိုစိစစ်၍ လျှပ်စစ်သုံးယာဉ်များ တင်သွင်းအသုံးပြုနိုင်ရေး၊ ပြည်တွင်း၌ထုတ်လုပ်နိုင်ရေး၊ အများသုံး Level-3 အဆင့် Charging Station များ တည်ဆောက်နိုင်ရေး၊ After Sale Services လုပ်ငန်းများကို အာမခံစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီအနေဖြင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
Recent Comments