မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန်ရည်ရွယ်၍ တတိယအကြိမ် ရုရှား- မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပူးတွဲကော်မရှင်ဥက္ကဋ္ဌများဖြစ်ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့ဦးဆောင်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပခဲ့သည်ဟု သိရသည်။

ကော်မရှင်အစည်းအဝေးတွင် ရုရှား – မြန်မာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လက်ရှိအခြေအနေ၊ သဘောတူညီချက်များနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးအားကောင်း ခိုင်မာခြင်း၊ ကုန်သွယ်မှု၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်း၊ စက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း အစရှိသည့် ကဏ္ဍများတွင် နှစ်ဖက် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ စာချုပ်စာတမ်းများလက်မှတ်ရေးထိုးခြင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ကာ စာချုပ်စာတမ်း (၇) ခုတို့ကို မြန်မာဘက်နှင့် ရုရှားဘက်တို့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် များက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။

အဆိုပါ တတိယအကြိမ်ကော်မရှင်အစည်းအဝေးတွင် ဆွေးနွေးသည့် ဆွေးနွေးချက်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့သော ရုရှား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (Strategy for the Development of Russia-Myanmar Economic Cooperation) ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

#mhtnews