ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr. Lee Jung-Sik ဦးဆောင်သော တာဝန်ရှိသူများနှင့် ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် အလုပ်သမားများ စေလွှတ်သည့် (၁၆) နိုင်ငံမှ သံအမတ်ကြီးများ တွေ့ဆုံဆွေးနွေးသည့် EPS Meeting သို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ EPS Meeting ကို ယနေ့ (ဒီဇင်ဘာလ ၂၂ ရက်)တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ EPS စနစ်အကောင်အထည်ဖော်မှု အခြေအနေ များနှင့် လာမည့် ၂၀၂၃ ခုနှစ်တွင် လုပ်သားဦးရေ တိုးမြှင့်စေလွှတ်နိုင်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် EPS လုပ်သားများစေလွှတ်မှုတွင် ကိုရီးယားသမ္မတနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစည်းအဝေးတွင် EPS ဆိုင်ရာ မူဝါဒညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ အပြန်အလှန် နားလည်မှုမြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ EPS လုပ်သားများစေလွှတ်သည့်နိုင်ငံများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များနှင့် 2030 Busan World Expo လက်ခံကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

#mhtnews