ရုရှားနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၉ ရက် ညနေပိုင်းတွင် Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် ခေတ္တတည်းခိုလျက်ရှိသည့် Ulan-Ude မြို့၊ Mergen Bator ဟိုတယ် Tengeri ညီလာခံခန်းမ၌ တွေ့ဆုံခဲ့သည်ဟု သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အဏုမြူနည်းပညာအသုံးပြု၍ ရောဂါရှာဖွေစမ်းသပ်နိုင်မှုနှင့် ရှာဖွေတွေ့ရှိလာသည့် ရောဂါများကို ခေတ်မီနည်းပညာများ အသုံးပြု၍ ကုသမှုများ ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများအပါအဝင် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆေးပညာရှင်အချင်းချင်း၊ ဆေးရုံများအချင်းချင်း အပြန်အလှန် ဖလှယ်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။

အလားတူ သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းများ တူးဖော်မှုဆိုင်ရာ နည်းပညာရပ်များကို ရှာဖွေထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရထားသယ်ယူပို့ဆောင်ရေးဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံး ခေါင်းတွဲများ၊ ဒီဇယ်ခေါင်းတွဲများ၊ ဓာတ်ငွေ့သုံး ခေါင်းတွဲများ၊ ကိုယ်ထည်တွဲများ ထုတ်လုပ်ခြင်းနည်းပညာဆိုင်ရာများ၊ မောင်းနှင်ခုတ်မောင်းမှုဆိုင်ရာ နည်းပညာများ၊ မီးရထားနှင့် ဆက်စပ်သည့် လုပ်ငန်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

#mhtnews