“”Myo Win” အကောင့်ပိုင်ရှင်နှင့် “Moe Moe Lwin” အကောင့်ပိုင်ရှင်တို့ကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်မှုကြောင့် အမှုဖွင့်အရေးယူ”

“Myo Win” အမည်ရှိ facebook အကောင့်ပိုင်ရှင်နှင့် “Moe Moe Lwin” အမည်ရှိ facebook အကောင့်ပိုင်ရှင်တို့ကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်၍ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သဖြင့် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်ဟု နစက သတင်းအရ သိရသည်။

အ​ဆိုပါ “Myo Win” Facebook အကောင့်ပိုင်ရှင်သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စက်မှုဇုန် (၁) ကျန်စစ်သားလမ်းနှင့် တိုင်းတာမင်းကြီးလမ်းထောင့်တွင်နေထိုင်သူ ညိုဝင်း (ခ) မျိုးဝင်း ဆိုသူဖြစ်ပြီး “Moe Moe Lwin” Facebook အကောင့်ပိုင်ရှင်မှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝင်းရပ်ကွက်တွင်နေထိုင်သည့် မိုးမိုးလွင် ဆိုသူဖြစ်သည်ဟုဆိုသည်။

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

#mhtnews