
အာဆီယံပေါင်းစပ် ဆက်သွယ်မှုမဟာ စီမံကိန်း ၂၀၂၅ အပါအဝင် အာဆီယံ အသိုက်အဝန်းထူထောင်မှု လုပ်ငန်းစဉ်များနှင့် အာဆီယံအသိုက်အဝန်းလမ်းပြမြေပုံ ၂၀၂၅ ၏ အဓိကလုပ်ငန်းစဉ်များတွင် တိုးတက်မှုရှိစေရေးအတွက် မြန်မာနိုင်ငံမှ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်က ပြောကြားသည်။
(၅၅) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့တွင် ပြည်သူသို့ ပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအပြင် အာဆီယံအဖွဲ့ ဝင်နိုင်ငံအားလုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏သဘောထားအမြင်တို့တွင် ပါရှိသည့် အခြေခံမူများနှင့် စံတန်ဖိုးများအပေါ် ခိုင်မာစွာ ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုထားသည်။
အလားတူ ဒေသတွင်းရှိ ပြည်သူများအားလုံး အတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေရေး ဘုံရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံဆွေးနွေးဖက် နိုင်ငံများ၊ အာဆီယံ၏ ပြင်ပမိတ်ဖက်နိုင်ငံများနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#mhtnews
Recent Comments