
ဝန်ထမ်းများအနေဖြင့် နိုင်ငံနှင့်ဌာနအပေါ် သစ္စာစောင့်သိရန်နှင့် ပြည်သူအပေါ် ယဉ်ကျေး ပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်၊ လာဘ်ပေးလာဘ်ယူကင်းရှင်းပြီး ပြည်သူက အားကိုးအားထားပြုသည့် ဝန်ထမ်းများဖြစ်စေရေးအစဉ်ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက တိုက်တွန်းပြောကြားသည်။
ယမန်နေ့က ပြုလုပ်ခဲ့သည့် တိုင်း ဒေသကြီး/ ပြည်နယ်အသီးသီးတွင် ခရိုင်အဆင့် အားဖြည့် တာဝန်ပေးအပ်မည့် ဝန်ကြီးဌာနရှိ အရာထမ်းများနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှရွေးချယ်၍ ဝန်ကြီးဌာနသို့ ခန့်အပ်တာဝန်ပေးသည့် ဦးစီးအရာရှိများနှင့် တွေ့ဆုံစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးကဌာန၏လုပ်ငန်းများသည် နိုင်ငံနှင့်ပြည်သူအတွက် အရေးကြီးပြီး မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ အသိတူမှအလုပ်တူမည်ဖြစ်သည့်အတွက် ဝန်ထမ်းအားလုံး သိရှိနားလည်ထားကြရန်နှင့် မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း လက်ရှိအခြေအနေအရ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိကြရန်နှင့် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ရိုင်းပင်းဆောင်ရွက်ကြရန်လိုကြောင်းကိုလည်း ပြောကြားခဲ့သည်။
ဆက်လက်၍လည်း ပြည်ထောင်စုဝန်ကြီးက အရာထမ်းများပီပီ မြန်မာ့အရေးအပြင် ကမ္ဘာပေါ်တွင်ဖြစ်ပျက်နေသည့် အရေးကိစ္စများပါ လေ့လာသုံးသပ်၍ စဉ်းစားတွေးခေါ်ဆောင်ရွက်ကြရန်၊ ဘာသာစကားနှင့် နည်းပညာတတ်ကျွမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်းဖြင့်လည်း ပြောကြားခဲ့သည်ဟု သိရ သည်။
#mhtnews
Recent Comments