“လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ဖို့ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း နစက ဒုဥက္ကဋ္ဌပြောကြား”

လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ဖို့ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်တဲ့အခြေအနေတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၃ ရက်အဖြစ်ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။

အလားတူ အဆိုပါအစည်းအဝေးမှာ နစက ဒုတိယဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်ကာလအတွင်း အကြမ်းဖက်သမားများရဲ့ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် လုံခြုံရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေး၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ၊ သံဃာတော်များနှင့် သီလရှင်များ ထိခိုက်သေဆုံးခဲ့ရမှုအခြေအနေများကိုလည်း တင်ပြဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့လုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ဒေသအလိုက် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်သွားမည့်အခြေအနေများနဲ့ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိတာကြောင့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေဖို့ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေး ပြောကြားခဲ့တယ်လို့ သိရပါတယ်။

#mhtnews