“ယခုနှစ်နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးမှုများကို နိုင်ငံတော်မှ ငွေကြေးစိုက်ထုတ်၍ မြေဩဇာ၊ မျိုးနှင့် စက်မောင်းဆီများရရှိရေး စီမံဆောင်ရွက်ပေးသွားမည်ဟု နစကဥက္ကဋ္ဌ ပြော”

ယခုနှစ်နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးမှုများကို နိုင်ငံတော်မှ ငွေကြေးစိုက်ထုတ်၍ မြေဩဇာ၊ မျိုးနှင့် စက်မောင်းဆီများရရှိရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ယမန်နေ့က ထပ်မံပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ပထမဦးစားပေးအနေဖြင့် ယခုနှစ်နွေစပါးစိုက်ပျိုးမှုနှင့် ပဲတီစိမ်းစိုက်ပျိုးမှုများအတွက် နိုင်ငံတော်အနေဖြင့် ငွေကြေးစိုက်ထုတ်ဆောင်ရွက်၍ တောင်သူများစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် မြေဩဇာ၊ မျိုးနှင့် စက်မောင်းဆီများရရှိရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ဆက်လက်၍လည်း ဗိုလ်ချုပ်မှူးကြီးက စိုက်ဧကများမှ ထွက်ရှိလာသည့် စပါးများနှင့် ပဲတီစိမ်းများကို နိုင်ငံတော်အစိုးရမှဦးစီး၍ ပြည်ပသို့တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စပါးနှင့်ပဲများ ထွက်ရှိမှုအပေါ် မူတည်၍ အကျိုးအမြတ်များထဲမှ တောင်သူများအနေဖြင့် သင့်တော်သည့် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် တောင်သူများအနေဖြင့် ငွေကြေးစိုက်ထုတ်ရန်လိုအပ်မှု မရှိခြင်းကြောင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

#mhtnews