
“မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့မှ International Army Games-2022 ပြိုင်ပွဲ၏ Tank Biathlon (Tank Crews Competition) Division-2 ပြိုင်ပွဲတွင် ပထမဆုကို ထိုက်ထိုက်တန်တန် ရရှိ”
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၁၅ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2022 ပြိုင်ပွဲတွင် ပါဝင်သောတင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Tank Crews Competition) Division-2 သို့ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို ထိုက်တန်စွာ ရယူနိုင်ခဲ့သည်ဟု သိရသည်။
မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့အနေဖြင့် Tank Biathlon (Tank Crews Competition) Division-2 ၌ ဆီးရီးယား၊ လာအို၊ အီရန်၊ တာဂျစ်ကစ္စတန်၊ တောင်အာဆက်တီးယား၊ အာခါ့ဇီယာ၊ ဆူဒန်၊ ဇင်ဘာဘွေ၊ အာမေးနီးယားနှင့် မာလီနိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅မီလီမီတာ အမြောက်အား ရပ်လျက်ကျည် ၃ တောင့်ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မီလီမီတာ လေယာဉ်ပစ်စက် သေနတ်ကျည် ၁၅တောင့် ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မီလီမီတာယှဉ်တွဲစက် သေနတ်ကျည် ၁၅ တောင့် ရပ်လျက်ပစ်ခတ်ခြင်းတို့ကို ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ Crew- 1 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၂၇ မိနစ် ၄၃ စက္ကန့်ဖြင့်လည်းကောင်း၊ Crew-2 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၈ မိနစ် ၁၄ စက္ကန့်ဖြင့်လည်းကောင်း၊ Crew–3 အနေဖြင့် ပြိုင်ပွဲဝင်စံချိန် ၃၀ မိနစ် ၂၈ စက္ကန့်ဖြင့်လည်းကောင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်စံချိန် ၁ နာရီ ၃၆ မိနစ် ၂၅ စက္ကန့် ရရှိခဲ့ပြီး စုစုပေါင်းပစ်မှတ် ၁၅ ခုတွင် ၁၄ ခုကို ထိမှန်ခဲ့ကာ ပြိုင်ပွဲဝင် ၁၁ သင်း ယှဉ်ပြိုင်ခဲ့ရာတွင် ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ International Army Games ပြိုင်ပွဲ၏ တင့်ကားမောင်း နှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon ကို ယခုနှစ် အပါအဝင် (၅)ကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၂ သင်းအနက် အဆင့် ၁၆၊ ၂၀၁၉ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၁၁သင်းအနက် အဆင့် ၅၊ ၂၀၂၀ ပြည့်နှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၈ သင်းအနက် အဆင့် ၄ ၊ ၂၀၂၁ ခုနှစ်တွင် Division-2 ၌ ပြိုင်ပွဲဝင် ၈ သင်းအနက် တတိယအဆင့် စသဖြင့် ရပ်တည်နိုင်ခဲ့ပြီး နိုင်ငံတကာ စစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ထို့ပြင် တတိယအကြိမ်မြောက် နိုင်ငံတကာ ဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd CISM World Cadet Games) တွင် မြန်မာ့တပ်မတော် ကိုယ်စားပြု ဗိုလ်လောင်းများက ပြိုင်ပွဲအမျိုးအစား၇ မျိုး ရှိသည့်အနက် ၃ မျိုးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၂၀ ရှိသည့်အနက် နိုင်ငံအလိုက်အဆင့် ၈ နေရာ ရရှိခဲ့သည်။
အလားတူ မြန်မာ့တပ်မတော်အနေဖြင့် International Army Games-2022 ပြိုင်ပွဲများဖြစ်သော ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ (Military Medical Relay Race (Medical Staff Competition))၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ (Sinper Frontier) များတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် ဆက်စပ်ပြိုင်ပွဲ တစ်ရပ်ဖြစ်သော Army of Culture တွင်လည်း မြန်မာ့တပ်မတော်ကိုယ်စားပြုရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
Recent Comments