
မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် နတ်ကိုးကွယ်ယုံကြည်မှုဟူ၍ ဘာသာအယူဝါဒများ မတူကွဲပြားကြသော်လည်း မိမိတို့ယုံကြည်ရာဘာသာကို လွတ်လပ်စွာကိုးကွယ်နိုင်ကြပြီး မိမိတို့ကိုးကွယ်ရာဘာသာတရား၏ အဆုံးအမကိုခံယူလျက် အေးငြိမ်းချမ်းသာသော လူ့ဘောင်အသိုက်အဝန်းကို တည်ဆောက်နိုင်ကြရန် အလွန်အရေးကြီးကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး) ဒုတိယဝန်ကြီး ဦးအေးထွန်း က ပြောကြားသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့၌ ယနေ့ (သြဂုတ် ၁၄ ရက်) မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်းခြင်းနှင့် အလုပ်အမှုဆောင်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုအတူ ဒုတိယဝန်ကြီးက ငြိမ်းချမ်းသောလူ့ဘောင် တည်ဆောက်နိုင်ဖို့အတွက်ကိုလည်း လူမျိုးအချင်းချင်း၊ ဘာသာအချင်းချင်း၊ အသင်းအဖွဲ့အချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် မေတ္တာတရားရှေ့ထားကာ ညီညီညွတ်ညွတ်ပူးပေါင်းလုပ်ဆောင်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။
#mhtnews
Recent Comments