“မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မဆင်မခြင်ပြောဆိုမှုဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှား နိုင်ငံခြားနိုင်ငံခြားရေးဝန်ကြီးဌာနကို စာပေးပို့”

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ သြဂုတ် ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အာဆီယံနေ့အခမ်းအနားနဲ့ သြဂုတ် ၁၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ ရဲ့ ပြောကြားချက်များအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနထံ စာရေးသားပေးပို့ခဲ့တယ်လို့ ယင်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ မဆင်မခြင် ပြောကြားမှုဟာ နိုင်ငံတွင်း မငြိမ်မသက်မှုနဲ့ အကြမ်းဖက် လုပ်ရပ်များကို အားပေးရာရောက်တာကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ပြီး ယင်းပြောကြားချက်များဟာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်(၂) အပိုဒ်ခွဲ (င)နှင့်(စ)ကိုလည်းကောင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းရဲ့ အပိုဒ်(၂) အပိုဒ်ခွဲ(၇)ကိုလည်းကောင်း ချိုးဖောက်ရာရောက်တယ်လို့ ပေးပို့ခဲ့တဲ့စာထဲမှာ ထည့်သွင်းဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေတဲ့ မတရားအသင်းအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံဖို့ အာဆီယံအဖွဲ့ဝင်များအား တိုက်တွန်းတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ တာဝန်မဲ့ ပြောကြားချက်များအပေါ်ကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။

အလားတူ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတည်ငြိမ်မှုကို အမှန်တကယ်တွေ့မြင်လိုတဲ့ ဆန္ဒရှိတဲ့ မည်သည့်အာဆီယံအဖွဲ့ဝင်နိုင်ငံမဆို မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆိုးရွားစွာထိခိုက်စေမယ့် ယခုလိုပြောကြားချက်မျိုးကို ရှောင်ရှားသင့်တယ်လို့လည်း ပေးပို့လိုက်တဲ့စာမှာ သတိပေးဖော်ပြထားတယ်လို့ သိရပါတယ်။

#mhtnews