“မန္တလေးမြို့၌ အကြမ်းဖက်အုပ်စုများအား ငွေကြေးထောက်ပံ့ပေးနေသည့် မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင်နှင့် ၎င်း၏ယာဥ်မောင်းဖြစ်သူတို့ကို ဖမ်းဆီးရမိခဲ့ပြီး ပိုင်ဆိုင်မှု ကာလတန်ဖိုး သိန်းပေါင်း ၁၁၈၄၄၉ ကို ချိတ်ပိတ်သိမ်းဆည်း”

အကြမ်းဖက် အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးနေသည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်နေ မွန်သူအောင် ဆိုသူကို အကြမ်းဖက်မှုများကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၎င်း၏နေအိမ်၌ ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်၍လည်း ၎င်း၏ ထွက်ဆိုချက်အရ ၎င်းသည် မြန်မာသူရကျောက်မျက် ကုမ္ပဏီ၌ ယာဉ်မောင်းအဖြစ် လုပ်ကိုင်လျက်ရှိပြီး မြန်မာသူရကျောက်မျက်ကုမ္ပဏီပိုင်ရှင် ကျော်သူရ သည်အကြမ်းဖက်အဖွဲ့များအား ငွေကြေး အမြောက်အများ ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဩဂုတ်လ ၁၇ ရက် နေ့လယ်ပိုင်းတွင် ကျော်သူရ အား ချမ်းအေးသာစံမြို့နယ်၊ ဇေယျာသီရိ လမ်းသွယ်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြားရှိ ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက် ကုမ္ပဏီခြံဝန်းအတွင်းရှိ နေအိမ်အိပ်ခန်းအတွင်းမှ Sigsauer ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၂ တောင့်၊ ကျည်အိမ် ၂ ခုတို့အား သိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

တရားခံ မွန်သူအောင်နှင့် ကျော်သူရတို့၏ ထွက်ဆိုချက်များအရ ဆူပူဆန္ဒပြ လှုပ်ရှားသူများ၊ CDM ဝန်ထမ်းများနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား အောက်ပါအတိုင်း ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

–  ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးမှု (၃၅)ကြိမ်၊ ငွေကျပ် ၁၉၄၇ သိန်း၊ ALPHARD ကား ၁ စီး၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့် တရုတ်ယွမ် ၁၉၀၀၀။

–  ကျောက်မျက်လုပ်ငန်းရှင်များကိုယ်စားပြု၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးမှု (၃)ကြိမ်၊ ငွေကျပ် ၁၃၃ သိန်း။

–  လူမှုကွန်ယက်မှ တစ်ဆင့် မဟုတ်မမှန် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတို့ကို လုပ်ဆောင်၍ ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ တရားခံပြေး အိပန်ဆယ်လို(ခ)အိမ့်ပိုးဥ အား ငွေကြေးထောက်ပံ့ ပေးမှု(၇)ကြိမ်၊ ငွေကျပ်သိန်း ၃၉၀၀ ။

–  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ CDM ဝန်ထမ်းများအား ထောက်ပံ့ပေးမှု (၃)ကြိမ်၊ ငွေကျပ်သိန်း ၁၂၀ ။

–  မန္တလေးမြို့အတွင်း အကြမ်းဖက်ဆူပူဆန္ဒပြသူများအား ငွေကျပ်သိန်း ၅၀ ။

မြန်မာသူရကျောက်မျက်ကုမ္ပဏီ ပိုင်ရှင် တရားခံ ကျော်သူရ သည် ဆူပူဆန္ဒပြ လှုပ်ရှားသူများ၊ CDM ဝန်ထမ်းများနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအား စုစုပေါင်း ငွေကျပ် ၆၁၅၀ သိန်း၊ ALPHARD ကား ၁ စီး၊ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ၊ တရုတ်ယွမ် ငွေ ၁၉၀၀၀ တို့အား ထောက်ပံ့ကူညီခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်သဖြင့် တရားခံ ကျော်သူရ နှင့် မွန်သူအောင်တို့အပေါ် တည်ဆဲဥပဒေများအရ ထိရောက်စွာ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုနှင့်သက်ဆိုင်သော နေအိမ်၊ ရွေ့ပြောင်း နိုင်သောပစ္စည်း၊ မရွေ့ပြောင်းနိုင်သောပစ္စည်းများဖြစ်သည့် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက် ရပ်ကွက်၊ ၃၃ လမ်းနှင့် ၅၂ လမ်းထောင့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီနှင့် နေအိမ်ခြံဝန်းအတွင်းရှိ အဆောက်အဦ ၄ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၅ စီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၈၈ (ဘီ) လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ အဆောက်အဦ ၃ လုံး၊ မော်တော်ယာဉ်မျိုးစုံ ၂ စီး၊ မီးစက် ၂ လုံး၊ ကျောက်စိမ်းဖြတ်သားမျိုးစုံ တန် ၈၀ ခန့်၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရ သီရိမြို့နယ်၊ ဥတ္တသီရိရပ်ကွက်၊ စစ်ကိုင်းလမ်းနှင့် သဇင်(၆)လမ်းထောင့်ရှိ ခြံဝန်း နှင့် အဆောက်အဦ ၁ လုံး၊ ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ကျောက်မျက်ကွက်သစ်၊ လုံးခင်းလမ်းရှိ ခြံဝန်းနှင့် အဆောက်အဦ ၂ လုံး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေအိုက်ရပ်ကွက်၊ ရွှေလမ်းမကြီးဘေး၊ A လမ်း နှင့် B လမ်းကြားရှိ ခြံဝန်းနှင့် အဆောက်အဦ ၁ လုံး၊ ဖားကန့်မြို့နယ်၊ နမ္မဖြစ်ကျေးရွာရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီခြံဝန်း အတွင်း၌ အဆောက်အဦမျိုးစုံ ၁၈ လုံး၊ ကျောက်စိမ်းဖြတ်သားနှင့် အရိုင်းတုံး မျိုးစုံ ၁၉၃ တန်၊ မီးခံသေတ္တာ ၂ လုံး၊ MITSUBISHI အမျိုးအစားပစ္စည်းတင် မော်တော်ယာဉ် ၁ စီး၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ ၁၀ ဧကကျယ်ဝန်းသည့် ကုမ္ပဏီလုပ်ကွက်နှင့် အဆောက်အဦမျိုးစုံ ၇ လုံး၊ ကျောက်ဖောက်စက် ၄ လုံး၊ ကျောက်ဖြတ်စက် အကြီး ၄ လုံး၊ ကျောက်ဖြတ်သား တန် ၃၀၊ မြေသယ်ယာဉ် မျိုးစုံ ၁၄ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ဘက်ဟိုးယာဉ် ၅ စီး၊ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၁၈၄၄၉ ခန့်ကို နိုင်ငံဘဏ္ဍာ အဖြစ် ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ အားငွေကြေးထောက်ပံ့မှုများလုပ်ဆောင်ခဲ့သည့် ဖမ်းဆီးရမိတရားခံ ကျော်သူရ အပြင် ကျောက်မျက်လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် အခြားစီးပွားရေးလုပ်ငန်းရှင်များ သည်လည်း အလားတူ ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် ကွင်းဆက်တရားခံများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေများအရ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#mhtnews