နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးရာမှာ တိုင်းရင်းသားအားလုံး၊ နိုင်ငံသားဖြစ်ခွင့်ရှိသူများအားလုံးရရှိအောင် မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့လိုသလို နိုင်ငံသားမဟုတ်သူတွေကို နိုင်ငံသားစိစစ်ရေးကတ်များ မထုတ်ပေးမိစေရေး တာဝန်ရှိသူများက အလေးထား ကြပ်မတ်ဆောင်ရွက်ဖိုလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း ဗိုလ်ချုပ်မှူးကြီးက ကောက်ခံထားတဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၅ သန်းရှိပေမယ့် ပြည်ပသို့ရောက်ရှိနေသူမှာ ၄ သန်းခန့်ရှိကြောင်း၊ ပြည်သူလူထုရဲ့ လူမှုစီးပွားပကတိအခြေအနေကို သိရှိဖို့လည်းလိုအပ်တာကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးအတွက်ဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်းကိုလည်း တိုက်တွန်းမှာကြားခဲ့ပါသေးတယ်။

NLD လက်ထက်မှာ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးထားသူများ၊ အသက် ၁၈ နှစ်ပြည့်ပေမယ့် နိုင်ငံသားအဖြစ် စိစစ်ခြင်းမပြုရသေးဘဲမဲပေးသူများနဲ့ ကွယ်လွန်ပြီးသူများက ဆန္ဒမဲများ ပေးထားတာကို စစ်ဆေးတွေ့ရှိရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

ဒါကြောင့်မို့လို့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်မပြည့်ဘဲ မဲပေးခဲ့သူတွေကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခဲ့ရာမှာ အချို့ တည်ငြိမ်မှုမရှိတဲ့ ဒေသတွေကလွဲပြီး ကျန်ဒေသတွေမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီလို့ သိရပါတယ်။

#mhtnews