စကျင်ကျောက်နဲ့ထုဆစ်တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေထဲမှာ ကမ္ဘာ့အကြီးဆုံး ရုပ်ပွားတော်ကြီးဖြစ်လာမယ့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား တည်ထားကိုးကွယ်မှုကို မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်နေချိန်အတွင်း ပြီးစီးအောင်ရည်မှန်းဆောင်ရွက်နေတယ်လို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

အခုဆိုရင် အဆိုပါဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာ မုစလိန္ဒအိုင်အနီး ကျည်းပင်စိုက်ပျိုးပူဇော်ခြင်းနဲ့ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတော် ဓမ္မစေတီတော်များ စတင်စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အဲ့ဒီအခမ်းအနားမှာ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးက ဘုရားကြီးတည်ထားကိုးကွယ်မှု အောင်မြင်စွာပြီးစီးရေးအတွက် ကျွမ်းကျင်အင်ဂျင်နီယာများ၊ ခေတ်မီစက်ကိရိယာများနဲ့ နေ့ညမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ကုန်ပိုင်းတွင် အကြမ်းထည်ပြီးစီးမယ်လို့ ခန့်မှန်းထားကြောင်း၊ ဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ပြီးစီးချိန်မှာ ဂေါပကဆရာတော်ကြီးများ သီတင်းသုံးနေထိုင်နိုင်ရေး ကျောင်းဆောင်တော်များကိုလည်း ထည့်သွင်းတည်ဆောက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။

ထိုမျှမက ပိဋကတ်သုံးပုံကျမ်းစာအုပ်များ နိုင်ငံတကာကျမ်းစာများကဲ့သို့ အဆင့်မီ ပုံနှိပ်ဖြန့်ချိထုတ်ဝေနိုင်ရေးအတွက်ကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်စာတိုက်များသို့ လာရောက်ကြည်ညိုသူများ လွယ်ကူစွာ ဖက်ရှုလေ့လာနိုင်ရေး ပိဋကတ်ကျမ်းစာများကို Mobile tablet များမှာ ထည့်သွင်းထားရှိပေးသွားမှာဖြစ်ကြောင်း၊ အဆိုပါ ပိဋကတ်ကျမ်းစာများ ထည့်သွင်းထားတဲ့ Mobile Tablet များကို ဝယ်ယူပူဇော်လိုပါကလည်း ရောင်းချပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

#mhtnews