
“တပ်မတော်အနေနဲ့ ကျေးရွာတွေကို မီးရှို့တာ လုံးဝမရှိဘူးလို့ ကုလကိုယ်စားလှယ်ကို ဗိုလ်ချုပ်မှူးကြီး ရှင်းလင်းပြောကြား”
ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာတို့ တွေ့ဆုံခဲ့ကြစဥ်မှာ သူမက ပြည်သူလူထုနေထိုင်ရာ ရပ်ရွာများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း မပြုလုပ်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ နေရာဒေသအချို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ မပြုလုပ်ဖို့ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးချက်နဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ပြည်သူလူထုနေထိုင်ရာ နေအိမ်တွေနဲ့ ရပ်ရွာတွေကို မီးရှို့တယ်ဆိုတာ လုံးဝမှားယွင်းနေတယ်။ မြန်မာ့တပ်မတော်အနေနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေတာပဲရှိတယ်။ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားတဲ့အချိန်တမှာလည်း ကျွန်ုပ်တို့အနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိတယ်။ ရိုးရိုးလေးပဲ စဉ်းစားကြည့်မယ်ဆိုရင် ကိုယ်တာဝန်ယူ ကူညီပေးနေတဲ့ ပြည်သူတွေ ဒုက္ခရောက်အောင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့အချက်ဟာ မဖြစ်နိုင်ဘူးဆိုတာ သိရှိနိုင်ပါတယ်။” လို့ ရှင်းလင်းပြောဆိုပြီး ပြည်သူလူထုရဲ့ နေအိမ်တွေကို မိမိတို့က မီးရှို့ဖျက်ဆီးတယ်ဆိုတဲ့အချက်ကို မိမိအနေနဲ့ လုံးဝငြင်းဆိုကြောင်း ပြောဆိုခဲ့တာပါ။
အလားတူပဲ ဗုံးကြဲတိုက်တယ်ဆိုတဲ့ နိုလင်းဟေဇာနဲ့ ပြောဆိုမှုနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်မှူးက မိမိတို့ကို လာရောက်တိုက်ခိုက်တဲ့ သောင်းကျန်းသူများတည်ရှိရာနေရာသို့ ပစ်မှတ်ထား၍ မိမိတို့ဘက်က တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါသောင်းကျန်းသူများက မိမိတို့ကို မတိုက်ခိုက်လျှင် မိမိတို့မှစတင်၍ တိုက်ခိုက်မှာမဟုတ်ကြောင်း။ လက်နက်ကိုင်၍ ဆန့်ကျင်တိုက်ခိုက်ခြင်းကို မည်သည့်နိုင်ငံ၊ မည်သည့် အစိုးရကမျှ လက်ခံမည် မဟုတ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အကြမ်းဖက် NUG လက်ပါးစေတွေဟာ တပ်မတော်စစ်ကြောင်းတွေနဲ့ ထိတွေ့မှုဖြစ်ပွားတဲ့အခါတိုင်း ၎င်းတို့အကာအကွယ်ရစေဖို့အတွက် ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ပြည်ဖျက်မီဒီယာတွေက တပ်မတော်မှ မီးရှို့တယ်လို့ စွပ်စွဲရေးသား ဖော်ပြနေကြတယ်လို့ စစ်ကိုင်းတိုင်းအတွင်း နေထိုင်သူတွေဆီက သိရပါတယ်။
#mhtnews
Recent Comments