စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ရန် အစိုးရတွင် တိုက်ရိုက်တာဝန်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့မှာပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးက ပြီးခဲ့တဲ့ ၅ နှစ် ယခင်အစိုးရလက်ထက်မှာ ကုန်ထုတ်လုပ်မှုနဲ့ ပြည်ပသို့တင်ပို့မှုအခြေအနေတွေကို စိစစ်ကြည့်ရာ ပြည်ပပို့ကုန်များကျဆင်းခဲ့တာကိုတွေ့ရှိရပြီး ၂၀၁၈ ခုနှစ်မှစ၍ မိမိတို့နိုင်ငံရဲ့ စီးပွားရေးမှာကျဆင်းလာခဲ့ကြောင်း ပြောကြားပြီး ဆန်ဟာ အဓိကပို့ကုန်ဖြစ်လို့ ထုတ်လုပ်မှုများ ကောင်းမွန်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံရဲ့ ပြည်ပပို့ကုန်မှာ စိုက်ပျိုးရေးထွက်ကုန်ဟာ အဓိကကျတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိတာဖြစ်လို့ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အလေးထားဆောင်ရွက်ကြစေလို ကြောင်းကိုလည်း ​ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း ဗိုလ်ချုပ်မှူးကြီးက စီးပွားရေးနဲ့ပတ်သက်လို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်မှုများကို ခေတ်မီနည်းစနစ်များ​နဲ့ ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ပြီး အခြားကဏ္ဍများကိုလည်း ဘက်စုံဖွံ့ ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်ရဲ့ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး စတဲ့ ဦးတည်ချက် သုံးရပ်ချမှတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ခေတ်ကာလအခြေအနေအရ ယခုအခါလူငယ်တွေဟာ အလုပ်လုပ်ရင်း ပညာသင်တဲ့ အခြေအနေကိုရောက်ရှိနေတာကို ထည့်သွင်းစဉ်းစားရမှာဖြစ်လို့ အနည်းဆုံးအခြေခံပညာအလယ်တန်းနဲ့အထက်ရောက်ရှိစေဖို့ မိမိတို့အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာတတ်မြောက်မှုအပေါ်မူတည်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်မည့်သူများကို မွေးထုတ်ရမှာဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများဟာ အလေးထားရမည့်ကဏ္ဍမှာရှိကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

#mhtnews